ရှင်မားရု

Sunday, April 9, 2017 0 comments


(က)
ယုံကြည်ရတဲ့တန်ဖိုးတွေမှာလည်း တစ်ခါတရံအမှားပါတတ်တာပဲလို့ စကားစမိတော့ အမြဲတမ်းမှန်နေ တယ်ဆိုရင် သေချာတယ် တစ်ခုခုတော့ မှားနေလို့တဲ့ သူငယ်ချင်းက ဆိုသည်။ခုရက်ပိုင်း အတွေးတွေနဲ့ ငူငူငိုင်ငိုင်ဖြစ်လို့နေသည်။ တစ်ယောက်ယောက်က စကားလာပြောနေသည့်တိုင် သိစိတ်သည် ထိုအာရုံမှာ မရှိ။ ဘုန်းကြီးလူထွက် သီပေါဘုရင်အကြောင်းသမိုင်းသင်ယူလေ့လာဖူးသူတိုင်း သိသည်။ သိစိတ်တစ်ခုလုံးကို ပိုင်စိုးပိုင်နင်း စီးပိုးထားသူမှာ သီပေါနှင့် ခေတ်ပြိုင်ဇာတ်ကောင်တစ်ချို့။အတွေးတို င်းကယူကြုံးမရခြင်းများနှင့်ပြည့်နှက်နေသည့်တိုင် ဒေါမနဿဝေဒနာများက ဖိတ်တစ်ဝက်စင်တစ်ဝက်။

(ခ)
အော့နှလုံးနာလောက်အောင် ထက်မြတ်ပါသည်ဆိုသည့် စုဖုရားလတ်၏ ရတနာဂီရိနေ့ရက်များကို ချောင်းကြည့်မိပြန်တော့မဆီမဆိုင် ကလေးကစားကွင်းထဲက ချားရဟတ်ကြီးကို မြင်ယောင်လို့လာ၏။ ဘဝသံသရာကား မသိသူတို့အဖို့ မေ့မေ့မူးမူးဖြစ်လင့်ကစား ဘယ်တော့ မိုးလင်းမယ်မှန်းမသိရသည့် အိပ်မက်ရှည်ကြီးပမာ ရင်မောစရာ။ သြဇာအာဏာဆိုသည်မှာ သစ်ပင်ထိပ်ဖျားက ဝင်းမှည့်နေသော သစ်သီးတစ်လုံးနှင့်တူကြောင်း ဟိုး..မိုင်ပေါင်းများစွာက အကျဉ်းစံအိမ်ဆီ မျှော်ကြည့်ရင်း အထိတ်တလန့်ဖြစ်ဖူးသည်။ ရုတ်တရက် ဝှေ့တိုက်လာသော လေညှင်းက သံဝေဂယူဖို့ တိုးတိုးလေးကပ်ပြောသွားသယောင်။

(ဂ)
ဘဝတစ်ခု ပျက်စီးဖို့ အချိန်တန်လာရင် နည်းမှားလမ်းမှားတွေကို နည်းမှန်လမ်းမှန်လို့ မြင်ယောင်သွား တတ်သည်တဲ့။ ဝဇိရဗုဒ္ဓိဋီကာဆရာက ဆိုထားသည်။ ပြောချင်သည်မှာ ဘဝတစ်ခု၏ အခြားတစ်ဖက်မှ ရက်စွဲများအကြောင်း။အစဉ်အလာများ၏ ခမ်းနားမှုနှင့် ကိုယ့်ကိုယ်ကို တရားရချင်ယောင်ဆောင်ရသ ည်မှာ မသက်သာ။ မှန်ရှေ့တွင် မျက်နှာသစ်မိသည့်မနက်ခင်းတိုင်း ရှည်ထွက်လာသော နှုတ်ခမ်းမွေး များကို မရိပ်ပဲ ထားကြည့်ချင်ခဲ့ဖူးသည့်အတွေးတို့သည် ဝင်ရောက်လာတတ်စမြဲ။ အခွင့်အရေးများရမည်ဆိုပါက ကိုယ်ခန္ဓာပေါ်ရှိ အမွေးအမင်ချင်းအတူတူ ခွဲခြားခွဲခြား ဥပဒေချမှတ်ခဲ့သည့်မြတ်ဗုဒ္ဓကို စိတ်ကောက်ကြည့်ချင်သည်။

(ဃ)
အရင်းနှီးဆုံးဟု သတ်မှတ်ထားတဲ့ဘဝတွေကို နာကျင်အောင်လုပ်ပြီးမှ ကျေနပ်မှုရတဲ့ အာသာကို ဘယ်လိုဘာသာစကားနဲ့ ဘာသာပြန်ရမလဲ။ မူရာကာမိ၏ တော်ဝေတောအုပ်ထဲအရောက် မျက်စိမလည်ပဲ နှလုံးတွေ လည်သွားသည်။"နာဂဆာဝါစန်သည် တစ်ခုနှင်တစ်ခု ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်ဘက်ကျသော အရည်အချင်းနှစ်မျိုးကို တစ်ပြိုင်နက်ပိုင်ဆိုင်ထားသူဖြစ်သည်။ရံဖန်ရံခါ အားကျရလောက်အောင် ကြင်နာသနားတတ်ပြီး ရံဖန်ရံခါတွင် အော့နှလုံးနာလောက်အောင် ရက်စက်တတ်သူဖြစ်သည်။ သူသည် အများအပေါ်တွင် လွှမ်းမိုး ဦးဆောင်နေတတ်ပြီး တစ်ချိန်တည်းတွင်ကြောက်စရာကောင်းလောက်အောင် အထီးကျန်တတ်သည့် ဝေဒနာကို ခံစားနေရရှာသည်” (နှာ-၆၆) ကိုယ်တိုင်ပြန်မေးကြည့်မိသည်။ နာနာကျင်ကျင် ပြုံးရတာကို ကြည်မွေ့နေသူကြီးလား။ တစ်ချို့ ဓာတ်ချောစာမှတစ်ဆင့် လာလာမေးကြသည်။ "ခရီးတွေ ထွက်နေတာလား၊ ပျောက်နေလို့" တိတ်ဆိတ်မှုကို ရွေ့လျားနေခြင်းလို့ အနက်ဖွင့်ရင်တော့ သူဟာ ခရီးသည်တစ်ဦးပေါ့။ သံသရာကိုက လမ်းရှိနေသရွေ့ မောင်းနှင်နေရအုံးမှာ မဟုတ်လား။

(င)
မလုံမခြုံ ပုန်းခိုလို့ ဝတဲ့အခါ ပြန်မလာတဲ့ဘဝတွေကို အားကျကောင်း အားကျမိမှာပါလေ။ ရုတ်တရက် ဆာတိုးရီမျက်နှာကျက်ပေါ်တွင် ပေါ်လာသည့်(ပေါ်လာသယောင်ယောင် ထင်ရသည့်) နန်းကျဘုရင်၏နှုတ်ခမ်းမွေးများက ပြုံးပြုံးမဲ့မဲ့။