Tuesday, January 10, 2017


ဂျပန်ရောက်ခါစ လွန်ခဲ့တဲ့လေးနှစ်ကျော်လောက်ကပေါ့။ ပထမဆုံးနေခဲ့တဲ့မြို့ငယ်လေးရဲ့ ဘူတာပလက်ဖောင်းတစ်ခုပေါ်မှာ ရထားမစီးတတ်လို့ ယောင်ချာချာဖြစ်နေတဲ့အခိုက် စင်္ကြန်လမ်းဘေးကပ်ထားတဲ့ ပိုစတာတစ်ခုရှေ့မှာ ခပ်ကြာကြာ ရပ်ကြည့်နေခဲ့ဖူးတယ်။မီးရောင်ဖျော့ဖျော့အောက်က နှင်းတွေမိုးထားတဲ့ အိမ်ပုလုကွေးလေးတွေအများကြီးနဲ့ ကြော်ငြာတစ်ခု။အဲဒီ နေရာလေးကို တကယ်ရောက်ခဲ့လိမ့်မယ်လို့တော့ မတွေးရဲခဲ့တာအမှန်ပါ။

ဂျပန်ပြည်ရဲ့ အများသူငါပိတ်ရက်တွေမှာ ကုသိုလ်ကောင်းမှုတစ်ခုခုနဲ့ နှစ်ကူးလိုသူတွေအတွက် ကျောင်းသင်္ခမ်းမှာ ရှိနေရမှာသိပေမယ့် ဇွတ်မှိတ်ပြီးခရီးထွက်ဖြစ်ခဲ့တယ်။ အေးချမ်းတိတ်ဆိတ်ပြီး နှင်းတွေမိုးထားတဲ့ တောရွာလေးတစ်ရွာဆီကိုပါ။၂၉ ရက်ည ၁၂ နာရီခွဲမှာ တိုကျိုမြို့တော်ကနေ စထွက်လာခဲ့တယ်။ ပုံမှန်ဆို ကျည်ဆန်ရထားနဲ့က ပိုမြန်ပေမယ့် ကျောင်းဒကာကိုအောင်ရဲ့ ဣဒ္ဓိဝိဓမြင်းဖြူတော်ကြီးက ပိုလို့သက်သောင့်သက်သာဖြစ်သလိုလိုပါ့။ ဟိုင်းဝေးပေါ်ကနေ ရိပ်ကနဲ ရိပ်ကနဲမြင်လိုက်ရတဲ့ လမ်းဘေးမြို့ကလေးတွေဟာ ညမီးရောင်အောက်မှာ မီးစွဲနေတဲ့ အုန်းဆံခွံတွေနဲ့တောင် တူသေးတော့။

ရွာလေးနာမည်က ရှီရကာဝဂိုး 白川郷 တဲ့။ပတ်ပတ်လည်မှာ ရှိတဲ့ နှင်းတောင်တန်းကြီးတွေရယ်၊ ကွေ့ပတ်စီးဆင်းနေတဲ့ နှင်းခဲမြစ်တွေရယ်ကို အကြောင်းပြုလို့ အဖြူရောင်မြစ်လို့ ခေါ်ကြဟန်တူပါရဲ့။၁၉ ၉ ၅ခုနှစ်မှာ ယူနက်စကိုရဲ့ ကမ္ဘာ့ရှေးဟောင်းအမွေအနှစ် မှတ်တမ်းဝင်ခဲ့ပြီး ခုထိတိုင် ကမ္ဘာလှည့်ခရီးသွားတွေကို ဆွဲဆောင်ထားနိုင်ဆဲ လယ်တောရွာကလေးပါပဲ။ ဂိဖုပြည်နယ် (岐阜 県 )နဲ့ တိုးယာမပြည်နယ် (富山県) ရဲ့ နယ်စပ်က တောင်တန်းတွေ မြစ်တွေအကြား ချိုင့်ဝှမ်းဒေသမှာ တည်ရှိပါတယ်။

ဂျပန်လို 合掌造り “ဆုတောင်းနေတဲ့ လက်ပုံစံမျိုး”နဲ့ ဒီဇိုင်းဆင်တည်ဆောက်ထားတဲ့ အဆိုပါအိမ်ပုလုကွေးလေးတွေဟာ မြင်ရသူအဖို့ဘာသာတရားကိုင်းရှိုင်းတဲ့အဖွားအိုတစ်သိုက် ဘုရားရှိခိုးနေသလား ထင်မှတ်ရပါတယ်။ ပြီးတော့လဲ ကြမ်းတမ်းလှတဲ့ နှင်းဒဏ်ကို ခံနိုင်ရည်ရှိဖို့ အထူးစီမံထားတဲ့ အိမ်ခေါင်မိုးလေးတွေကိုတော့ ကောက်ရိုးလိုလို ဝါးပိုးပိစိလေးတွေလိုလိုနဲ့ ထူထူထဲထဲမိုးထားတာလေးကိုက ချစ်စရာတစ်မျိုးဖြစ်နေပါတယ်။

ရှီရကာဝရွာကနေ ၂ နာရီလောက်မောင်းရတဲ့ တာကယာမ( 高山) တောင်ထိပ်ဟာလည်း တိုးရစ်စ်ဧရိယာတစ်ခုအဖြစ် နာမည်ကြီးပါတယ်။ မိုင်းနက်စ် ၈ ဒီဂရီအအေးဒဏ်ကို အံတုနိုင်တယ်ဆိုရင်ပေါ့။ တောင်ပေါ်ကိုတော့ နှစ်ထပ်ရထားလုံး (ropeway) နဲ့ တက်ရပြီး ၂၁၅၆ မီတာအမြင့်မှာ တည်ရှိပါတယ်။ နှင်းထုထည်က ထင်းရှူးပင်တွေရဲ့ ခါးလည်လောက်အထိ မြုပ်နေပြီး ဝက်ဝံစတဲ့ တောကောင်ကြီးတွေရဲ့ ခြေရာတွေကို ရထားလုံးထဲကနေ လှမ်းမြင်နေရတာကိုက ပန်ချီကားတစ်ချပ်လိုပါပဲ။ ရံဖန်ရံခါ ဖြူဖွေး နေတဲ့ ထင်းရှူးတောတန်းတွေကြား မီးလင်းဖိုတဲငယ်လေး တစ်လုံးစ နှစ်လုံးစ မြင်ရတော့ တစ်ပတ်ဆယ်ရက်တန်သည် ဘယ်သူနဲ့မှ အတွေ့မခံပဲသွားနေရင် ကောင်းမလားလို့ အတွေးပွားမိရပြန်တယ်။

ရုတ်တရက် အစီအစဉ်မရှိပါပဲ ဂိဖုပြည်နယ်ကနေ ကျိုတိုအထိ ဆက်မောင်းပြီး သမိုင်းဝင် Kiyomizu-dera 清水寺 ဆီရောက်သွားတဲ့အခါမှာတော့ ဘုရားဖူးလာကြတဲ့ဧည့်သည်တွေနဲ့ တိုးမပေါက်တော့ပါဘူး။ အပြန်လမ်းမှာတော့ ဌာနေပြန်လာကြတဲ့ကားကြီးကားငယ်နဲ့ ဟိုင်းဝေးလမ်းမကြီးဟာ ရှင်လောင်းလှည့်နေသလားတောင် အောက်မေ့ရပါတယ်။ ကားကြပ်နေတုန်း တရားဟောပါဆိုလို့ ကားဆရာတို့ ဇနီးမောင်နှံကို “အားလုံးကောင်းပါသည် “ဆိုတဲ့ ပုံပြင်လေးနဲ့ အားပေးရပါတယ်။ ခရီးမသွားဘူး မသွားဘူးနဲ့ သွားမယ့်သွားတော့လည်း ဒီတစ်ခေါက် ပြည်နယ် (၁၃) ခုထက်မနည်း ရောက်ဖြစ်ခဲ့တယ်ဆိုပါတော့။

1 comments:

Anonymous said...

ကျေးဇူးပါ ဘုရား။
ကိုယ်တိုင်ရောက်သွားသလိုပါဘုရား …