Friday, February 17, 2017

အမျိုးသမီးတစ်ဦး မိတ်ဆွေတွေနဲ့အတူ ဆာတိုးရီရောက်လာရင်း  မေးခွန်းတစ်ခု သယ်လာတယ်။ “ဝဋ်နဲ့ ငရဲဆိုတာ ဘာကွာလဲ “ တဲ့။ အရင်ဘဝက ဆရာဝန်ဖြစ်ဖူးတဲ့ ဥူးပဇင်းလေးအကြောင်း ခေါင်းထဲပေါ်လာတာနဲ့ ပြောပြရတယ်။

ဥူးပဇင်းနာမည်က "မဟာပါလ” တဲ့။သဒ္ဓါတရားအလျောက် ရဟန်းပြုပြီးနောက်ပိုင်း ဝိပဿနာတရားနဲ့ ဓုတင်အကျင့်ကို ဇွဲတင်းပြီးကြိုးစားနေတုန်း မျက်စိရောဂါစဖြစ်တယ်။ ဖင်ပေါက်နေတဲ့အိုးက ရေတွေ ဒလဟောကျသလိုကို မျက်ရည်တွေက အဆက်မပြတ်ကျနေတာ။ မျက်စိဆရာဝန်စကားတောင် နားမထောင်ပဲ တရားကို ဆက်တိုက်အားထုတ်လာလိုက်တာ "ထန်းသီးကြွေခိုက် ကျီးနင်းကိုက်”ဆိုတဲ့ စကားလိုပဲ တရားထူးလည်းရ၊ မျက်စိလည်း စုံလုံးကန်းတဲ့အထိကွယ်ပါလေရော။

ဒီနေ့ မိမိတို့ ကြုံတွေ့နေရသမျှတိုင်းသည် မနေ့က စိတ်စေတသိတ်တို့က ဆင်းသက်လာပြီး၊ ဒီနေ့စိတ်စေတသိတ်တွကတော့ မနက်ဖြန်ရဲ့ ဘဝတွေကို မွေးဖွားပေးပါလိမ့်မယ်။ ရှင်မဟာပါလဟာ အရင်ဆရာဝန်ဘဝက ဆေးဖိုးမပေးချင်တဲ့လူနာကို မျက်စိကန်းအောင် လုပ်ခဲ့မိဖူးတယ်။ ရဟန္တာဖြစ်ဖို့ ပါရမီပြည့်ပြီးပေမယ့်သူ့ရဲ့ဝဋ်ကြွေးကိုတော့ မလွန်ဆန်နိုင်ရှာဘူး။ ဝဋ်လည်မယ်နော်ဆိုတဲ့ မြန်မာစကားရှိပါတယ်။ ဝဋ်ဆိုတာ ကမ္မဝဋ်၊ဝိပါကဝဋ်၊ကိလေသဝဋ်၊သံသရာဝဋ်၊တေဘူမကဝဋ်ဆိုပြီး (၅)မျိုးရှိတယ်။ ဆရာဝန်ဘဝက မျက်စိကန်းအောင်လုပ်ခဲ့မိတာသည် ကမ္မဝဋ်၊ဥူးပဇင်းဘဝမှာ မျက်စိကွယ်ခဲ့တာသည် ဝိပါကဝဋ်ပါပဲ။

စာရှည်သွားမှာစိုးလို့ ကမ္မဝဋ်နဲ့ ဝိပါကဝဋ်ကိုပဲ ဆေးနွေးကြည့်ရအောင်။ကမ္မဝဋ်ဆိုတာ ကုသိုလ်၊အကုသိုလ်ကံတွေကို ဆိုလိုပါတယ်။မကောင်းမှုတွေပြုလုပ်ပြီး တဖန်မကောင်းကျိုးတွေပေးတာလောက်ကိုပဲ ဝဋ်လို့ ထင်နေကြသူများမလားပဲ။ရဟန်းတစ်ပါး နောက်ဆုံးပေါ်ကားအကောင်းစားကြီးစီးနေတယ်ဆိုပါစို့၊ အဲဒါ ယာဉ်နဲ့ပက်သက်ပြီး သူမွန်မွန်မြတ်မြတ်လုပ်ခဲ့ဖူးတဲ့ ကုသိုလ်ကမ္မဝဋ်ကြောင့်၊ အကောင်းစားစီးရခြင်းဆိုတဲ့ ဝိပါကဝဋ်ကို ခံစားရတာပါပဲ။ ဒီနေရာမှာလည်း အုပ်စုနှစ်ခုကွဲသွားနိုင်တာပဲ၊ ဘုန်းကြီးဖြစ်ပြီး ကားအကောင်းစားကြီးနဲ့ ဇိမ်ခံတယ်လို့မြင်တာ အကုသိုလ်ကမ္မဝဋ်၊ ဘယ်လိုကုသိုလ်တွေလုပ်ခဲ့လို့ ဒီလောက်တောင် ဘုန်းကံကြီးနေပါလိမ့်လို့ မြင်တာ ကုသိုလ်ကမ္မဝဋ်၊ အဲဒီဆန့်ကျင့်ဘက်အမြင်တွေကြောင့် ရလာဒ်နှစ်ခုထွက်ပေါ်လာတာသည် ဝိပါကဝဋ်ပါပဲ။

"ဝဋ်မှာအမြဲ ငရဲမှာအပ "ဆိုတဲ့စကားလည်းရှိပါတယ်။ ဘုရားရဟန္တာသော်မှ ဝဋ်ကိုအကြေဆပ်ကြရပါတယ်။ငရဲဆိုတာကတော့ နိယတမိစ္ဆာဒိဌိနဲ့ ပဉ္စာနန္တရိယကံကြီးတွေကို မကျူးလွန်ထားသေးဘူးဆိုရင် ကုသိုလ်ကောင်းမှုပြုပြီး တားဆီးနိုင်ပါတယ်။ ဒါပေမယ့် အပါယ်လေးဘုံဟာ ကိုယ့်အိမ်လိုပဲမို့ ငရဲတံခါးဝရောက်ဖို့အတွက် သော့ပေါက်လိုက်ရှာစရာမလိုအောင်ကို လွယ်ပါတယ်။ဘဝတစ်သက်တာလုံး ကုသိုလ်ကောင်းမှုတွေချည်း ပြုလုပ်ထားပေမယ့်လည်း အရိယာမဖြစ်သေးသရွေ့ ငရဲကလွတ်ပြီလို့ အာမမခံနိုင်ပါဘူး။ အပါယ်ဘုံက လွတ်မလွတ်ဆိုတာကလည်း ဘဝတစ်ခုစုတေခါနီး နှလုံးသွင်းနဲ့ အာရုံက တိုက်ရိုက်ဆက်နွယ်နေသေးလို့ပါ။

အနှစ်ချုပ်ရရင် ဝဋ်နဲ့ငရဲ ဘာကွာလဲဆိုတော့ tattoo နဲ့ paint art ကွာသလိုပါပဲ။"ဝဋ်ကြောက်ရင် ဝတ်နဲ့ဖြေ"ဆိုတဲ့ ရှေးဆရာတော်ကြီးတွေစကားအတိုင်း ဝဋ်ကြွေးတော်ပြေဘုရားသွားပြီး ဆုတောင်းနေမယ့်အစား ဘုရားရှိခိုးတာ၊ တရားထိုင်တာစတဲ့ ကောင်းတဲ့ဝတ်တစ်ခုခုနဲ့ ဖြေနေဖို့က လက်တွေ့ပိုဆန်ပါလိမ့်မယ်။ ဘာပဲပြောပြော ဆာတိုးရီဆိုတာ ဝဋ်ကင်းမဲ့ဇုန်ပဲ မဟုတ်ပါလား။

ဆာတိုးရီဆရာတော်
၁၈ရက်၊၂လ၊၂၀၁၇

1 comments:

Anonymous said...

သာဓု၊ သာဓု၊ သာဓု ပါ ဘုရား … _/\_ _/\_ _/\_