Tuesday, December 20, 2016

(က)
ညက အိပ်မက်မက်သည်။ ရှောင်ဇေလီဇေလမ်းမကြီးပေါ်ရောက်နေသည့် အကြောင်းမှ တစ်ပါး ထွေထွေထူးထူးမမှတ်မိ။ထူးဆန်းသည်မှာ တွေ့သမျှလူကို အတွေးအခေါ်တွေ လိုက်ရောင်းနေသော သမဏတစ်ပါး။ “ဒီအတွေးအခေါ်က ပုရာဏကဿပဆန်တယ်။ ဒါလေးကတော့ အမျိုးသမီးတွေ အများဆုံး ဝယ်ယူအားပေးတဲ့ ဘုရားသွားကျောင်း တက်အတွေး။ ဟိုခလေး မျက်တောင်မခတ်စိုက်ကြည့်နေတာက Google Andriod လိုမျိုး အတွေးအခေါ်ပေါ့။ Think Different လို့ပြောခဲ့တဲ့ ငနဲရဲ့ အတွေးအခေါ်ကတော့ စတော့ရှယ်ယာအများဆုံးပဲ”
(ခ)
အိပ်မက်ဆိုတာ စိတ်ကူးရဲ့ ကြေးမုံတစ်မျိုး။ ထို့ကြောင့် ဆိုင်ဆိုင်/မဆိုင်ဆိုင် တတိယကမ္ဘာစစ်အတွင်း အတွေးအခေါ်တစ်ချို့ ဈေးတက်လိမ့်မည်။ဘုရားသား တော်မှန်ရင် အရောင်းအဝယ်မလုပ်ကောင်းသော်လဲ အိပ်မက်ကတော့ ခြွင်းချက်ရှိသည်။ဝိနည်းပါဠိတော်တွင် အညတြ သုပိနန္တာဟု ဟောကြားခဲ့သည်မှာ ပူပူနွေးနွေးကြီး။အမှန်တော့ လူထူထူထဲ အတွေးအခေါ်ချရောင်းဖို့ဆိုသည်မှာ တော်ရုံသတ္တိနှင့်မရ၊ သို့မဟုတ် တော်ရုံမိုက်မဲမှုနှင့်မိုးစိုလောက်သည်။
(ဂ)
တတိယကမ္ဘာစစ်ကြီး ပြီးဆုံးသွားတဲ့အခါ မြောက်ကျွန်းမှာ မျောက်တွေကြီးစိုးလာမှာကို စိုးရိမ်သူတွေရှိသည်။လနှစ်ချောင်းငင်နှင့် “လူ”များ ကြံဖန်စိုးရိမ်တတ်ကြပုံကို ကမ္ဘာ့သတင်းစာမျက်နှာတိုင်းက သက်သေပင်။ မြန်မာပြည်၏ လူ့အခွင့်အရေးဆိုင်ရာ အနောက်ဘက်တံခါးအတွက် အလွန်အမင်းစိုးရိမ်မကင်းဖြစ်မိကြောင်း ထပ်တလဲလဲကြားနေရသည်။ မိတ်ဆွေတစ်ယောက် ပြောဖူးတာ သတိရမိပါရဲ့ ။ “ တကမ္ဘာလုံးနီးနီး တားမြစ်ထားတဲ့ ဆေးခြောက်တို့ ဘာတို့ဆိုတာ မကောင်းလို့ မဟုတ်ဘူးကွ ကောင်လေးရ။ ကောင်းလွန်းလို့ စိုးရိမ်နေကြတာ”။
(ဃ)
ခုထိတိုင် အိပ်မက်ထဲက( Champs-Élysées )ရှောင်ဇေလီဇေလမ်းမကြီး ဘယ်မြို့ ဘယ်ရွာရှိမှန်း မသိသေး။ချမ်းစိမ့်စိမ့်နှင့် ဖုန်းထဲက နာဗီကေတာကို ဆွဲကြည့်လိုက်သည်။ဘုရား..ဘုရား။ ပါရီဟာ မြောက်ကျွန်းများလား။မျိုးရိုးဗီဇအရဖြစ်စေ၊ ဗုဒ္ဓဒေသနာအရ ဖြစ်စေ၊ အာဖရိကလူမျိုးတစ်ဦးဦးသော်မှပင် ပါရီသားတစ်ဦးဦးရဲ့ ဆွေမျိုးတော်စပ်နိုင်ပါ သတဲ့။ဒီလိုဆိုတော့ အတွေးတွေ ချရောင်းနေသောဦးပြည်းတစ်ပါးအသွင်အပြင်က ရှောင်ဇေလီဇေနှင့် သိပ်မစိမ်း။ဘဝရဲ့ နောက်ဆုံးမီးခိုးငွေ့များကို သမ္မာသင်္ကပ္ပနှင့်သာ မှုတ်ထုတ်ပစ်ဖို့ စိတ်ကူးထားသည်။ ဒီတစ်ခါ အရောင်းအဝယ်ဖြစ်တဲ့အခါ ဆာတိုးရီဆိုတာ အတွေးအခေါ်နှင့် မကင်းတဲ့အကြောင်း အလကားမတ်တင်း လိုက်ရောင်းနေအုံးတော့မှာ။
ရှင်မားရု
၁၁၁၂၂၀၁၆

2 comments:

Han said...

"ဘဝရဲ့ နောက်ဆုံးမီးခိုးငွေ့များကို သမ္မာသင်္ကပ္ပနှင့်သာ မှုတ်ထုတ်ပစ်ဖို့ စိတ်ကူးထားသည်။"
ဦးခိုက်ပါ၏ အရှင်ဘုရား … ။
_/\_ _/\_ _/\_

Han said...

အတွေးအခေါ်ရောင်းဝယ်ရေး ကုမ္ပဏ္ဏီလီမိတက် ဖွင့်မယ်။
ဆရာတော်ဆီက အတွေးတွေ အလှူခံမယ်။
ပြီးရင် ပြန်ရောင်းမယ်။
:D