Sunday, December 7, 2014




(၁)
ဂျပန်နိုင်ငံအလယ်ပိုင်း မြို့ငယ်လေး၏ ရထားဘူတာတွင်း  တစ်နေရာ… နေရောင်အနည်းငယ်ဖြာကျနေသော ပလက်ဖောင်းနံဘေးတွင် သင်္ကန်းခပ်ပါးပါးသာ ခြုံထားသော ရဟန်းငယ်တစ်ပါး ရထားစောင့်ရင်း ပဋိသင်္ခါ ယောနိသောနေဟန်ရှိသည်။ခုမှဝင်ရောက်လာသော အသစ်စက်စက် ဂျပန်ဆောင်းကား (၂)ဒီဂရီဖာရင်ဟိုက်ဖြင့် မျက်နှာပြင်တစ်ဝိုက်အား အဓိကထား ခြုံခိုတိုက်ခိုက်နေလေတော့သည်။ ခပ်လှမ်းလှမ်း တစ်နေရာတွင် နေရာအနှံ့အပြား တွေ့မြင်လေ့ရှိသော ဂျင်းဂျ (နတ်ဘုရားကျောင်း)ကား ဣနြေ္ဒရရ စံပယ်နေ၏။ 

(၂)
ရဟန်းအနီးမှဖြတ်လျှောက်သွားကြသော ကြီးကြီးငယ်ငယ် ရွယ်ရွယ်လတ်လတ်တို့သည်လည်း ဣနြေ္ဒရရပင် ငဲ့စောင့်ကြည့်ကြလေကုန်၏ ။ အချို့ကား အပြေးအလွှား နာရီများကြား ဖုန်းကိုယ်စီဖြင့် ပွတ်ကသိုဏ်းရှု မပြတ်ကြ..။ အနှီပွတ်ကသိုဏ်းသည်ကား ယနေ့ကမ္ဘာကြီး၏ လူနေမှုတစိတ်တဒေသဖြစ်နေပေပြီ။ ဗဟိဒ္ဓအအေးဓာတ်ထက် အဇ္ဈတ္တအအေးဓာတ်က လူသားချင်းအေးခဲစေသည်အထိပင် ။ မျက်မှောက်ခေတ်၏ ယင်းတတိယအရွေ့ကား မြန်ဆန်ပြင်းထန်လေစွ..။

(၃)
တတိယအရွေ့၏ စိန်ခေါ်မှုများထဲတွင် ‘’မနုဿတ္တဘာဝေါ ဒုလ္လဘော” ကား ယနေ့ဂျပန်ပြည်ကို အကြီးမားဆုံး ခြိမ်းခြောက်လျှက်ရှိ၏။ မှန်သည်။ နှစ်စဉ် ကောက်ယူနေကျ စစ်တမ်းများအရ ဂျပန်ပြည်တွင် ကလေးမွေးဖွား နှုန်းသည် တစ်နှစ်ထက် တစ်နှစ် ကျဆင်းသည်ထက် ကျဆင်းလာသည်။ အဖြေကား ရိုးရှင်းလွန်းသည်။ ခန္ဓာငါး ပါး သင်ခန်းစာကို ဂျပန်တို့ ကောင်းစွာမကြေညက်ခဲ့ခြင်းပင်။ မြတ်စွာဘုရား၏ ပွဲဦးထွက် တရားတော်ထဲမှ ‘’ဇာတိပိ ဒုက္ခာ’’ တစ်ပါဒမျှဖြင့်ပင် နိပွန်းပြည်သားတို့၏ နေ့စဉ်ဘဝက အထိတ်တလန့် မေးခွန်းထုတ်စရာ ဖြစ်လာတော့ခဲ့ သည်..။

(၄)
ဤရာသီသည် သစ်ရွက်များနှင့်အတူ စေတသိကများ အရောင်ပြောင်းသော ရာသီလည်းဖြစ်သည် ။ နွေဦးတွင် ဆာကုရာပန်းများ ပင်လုံးကျွတ် ပွင့်ကြသကဲ့သို့ ဆောင်းတွင် မိုမိဂျိပင်များ ပင်လုံးကျွတ် နီစွေးနေတတ်သည်။ ရဟန်းသည် စုတိကျနေသော သစ်ရွက်ကလေးအား ကောက်ယူရင်း အနိစ္စာ ဝတ သင်္ခါရာကို တိုးတိုးဖွဖွ ရွတ်ဆိုလိုက်သည်။  မြန်နှုန်းမြင့် သံသရာရထားတစ်စင်း လွတ်သွား၏။ ဘာသာရပ်တစ်ခု မမီနိုင်တော့သော်လည်း 
ရင့်ကျက်ခြင်းနှင့် ရင့်ရော်ခြင်းခြားနားပုံကို မိုမိဂျီမှ ကောင်းစွာ ပို့ချပေးခဲ့၏။ ရဟန်း၏ စိတ်ညှာတံတို့သည်လည်း သစ်ရွက်များပမာ တဖြည်းဖြည်း  နီစွေးလာသယောင်ယောင် ..။

(၅)
စင်စစ်..။ လူ့ဘဝကိုယ်တိုင်သည်ပင်  သမုဒယအရင်းခံသည့် ခန္ဓာငါးပါး သစ်ရွက်စိုများဖြစ်သည်။ ဖူးလွယ်ပွင့်လွယ် စိုလွယ်ခြောက်လွယ် မြေမခခင်အထိ ပေါ့ပေါ့ပါးပါး မေ့မေ့လျော့လျော့ ဖြတ်သန်းကြမြဲဖြစ်သည် ။ သို့သော် တစ်ချို့ အပြောင်းအလဲများသည် သင်လက်မခံချင်သည့်တိုင် ပြေးပုန်း၍မရစကောင်း။ လုံခြုံလှပြီ အထင်နှင့် ပြေးပုန်းခဲ့ ကြသော ဝပ်ကျင်းများသည် ကမ္ဘာသူ ကမ္ဘာသားတို့အတွက် နားခိုရာအစစ် မဖြစ်မှန်း တစတစ ရိပ်မိလာကြပြီ။  အတွေးများ လက်စမသတ်ခင်ပင် ရထားတစ်စီး ဝင်လာ၏။ ဝတ်ရုံတဖားဖားဖြင့် ရထားထဲ တိုးဝင်ကွယ်ပျောက် သွားသော ရဟန်းတစ်ပါးကို မြင်လိုက်မိပါသလား..။ မည်သည့်ဘူတာတွင် ဆင်းရမည်မှန်း မိတ်ဆွေကတော့ သေချာကောင်း သေချာနေပါလိမ့်မည်။

(ရှင်မားရု)
၁၂၀၅၂၀၁၄

2 comments:

Mg Han said...


သတိ သံဝေဂ ရမိပါ၏ဘုရား။

Thila said...

တပည့်တော်တွက် အတွက် ...
သေချာဘူး ဘုရာ့ :D