Thursday, April 3, 2014

နိပွန်းပြည်၏ စပရင်းရာသီ (မအေးလွန်း မပူလွန်းသော စပ်ကူးမတ်ကူးကာလ)

ဆာကူးရာပန်းတို့ သူ့ထက်ငါ ပွင့်နေကြသည်မှာ မြို့တိုင်း ရွာတိုင်း သဲသဲလှုပ် ။လေနုအေးတစ်ချက်အဝှေ့ တွင် ပွင့်ဖတ်လွှာလေးများ ပုခုံးပေါ်လာရောက်ခိုးနားကြသည်။ ဓာတ်မတည့်သူအဖို့မူ ပန်းဝတ်မှုံတို့၏ ကျီစားခြင်းကို ညအခါ ခံရတတ်သည်။
ရဟန်းနှင့် ဘီး မအပ်စပ်ပါ၊ သို့သော် ရဟန်းနှင့် ပန်း (ဝါ) ရဟန်းနှင့် ကဗျာကမူ အပ်စပ်၏ (ဝါ) အပ်စပ်သည်ဟုသာ မှတ်ယူ ထားစေလိုသည်။

ဗုဒ္ဓနှင့် တစ်မြို့ထဲသား ဥူးဇင်းမဲသည်ပင် ဗုဒ္ဓအပေါ် ပန်းအလင်္ကာတို့ဖြင့် ကဗျာဆန်ခဲ့ဖူးသည်။ ကပိလဝတ်မြို့သား ရှင်ကာဠု အသားမဲ၊ မမဲ မသေချာသော်လည်း နာမည်ကတော့ မဲပါသည်။ ထို့ထက် သေချာသည်မှာ ရှင်ကာဠု ကဗျာ ဆန်ခဲ့ကြောင်း မှတ်တမ်းဖြစ်သည်။ဘုရားဖြစ်ပြီးနောက် မွေးရပ်မြေသို့ ပြန်လည်ကြွချီဖို့ အင်တင်တင်ဖြစ်နေသော ဗုဒ္ဓနှင့် ဖူးချင်ချင် ဆွေတော်မျိုးတော်တို့အကြား အားပြိုင်ပွဲကား ကြီးမားလှသည်။ နောက်ဆုံး ရှင်ကာဠု၏ အနုပညာ ကဗျာစွမ်းရည် ကြောင့်သာ ဗုဒ္ဓအရှင် ပန်းပေးခဲ့ရခြင်းဖြစ်သည်။

နေ့ခင်းဘက်တွင် ပန်းကြည့်ပွဲတော်သို့ လာရောက်အပန်းဖြေသူတို့မှာ မနည်းလှ။ အချို့ကား ဆာကူးရာပင်အောက် မိသားစုလိုက် လာရင်း ပါလာသမျှ စားသောက်စရာတို့ဖြင့် ဝိုင်းဖွဲ့စားသောက်ကြ၊ လူငယ်များက ဂီတာကိုယ်စီဖြင့် ဆာကေးကြ၏။ သူကမူ ပုဇွန်ဆီရောင်ချိန်လွန်ပြီးစ ညီအကိုမသိတသိလောက်တွင်မှ တစ်ဦးတည်း သစ်ပင်ရိပ်တစ်နေရာ ခုံပုလေးပေါ်တွင် ထိုင်ဖြစ်တတ်သည်။သူသည် ဗုဒ္ဓသားတော်ဖြစ်သည်။ သို့သော် (ထိုသို့သော်သည်) သူနှင့် ဆာကူးရာတို့သာ နားလည်နိုင်သည့် ဘာသာစကားတစ်မျိုးပင် ဖြစ်လိမ့်မည်။

မနေ့က ပိန်ပိန်ပုပု တောင်ပံကလေးတစ်စုံ လက်ဆောင်ရသည်။ ဥပါဒါန်မကင်းသေးသည့် ရဟန်းပျိုအဖို့ ထိုသက်မဲ့ တောင်ပံကလေးကား မြတ်နိုးစရာအပြည့်။ မကြာမီ ထိုပိန်ပိန်ပုပုလေးနှင့်အတူ ဘူတာရုံလေးဆီ နိစ္စဓူဝရတော့မည်။

သည်မြို့လေးတွင် သူ့အကြောင်းကို အသိဆုံးသူမှာ ဘူတာရုံလေး ဖြစ်သည်။ ပြီးတော့ ဆာကူးရာ..။ တစ်ခါက သည်နေရာလေးမှာ ကျရှုံးဖူးသည်။ နားထောင်မည့်သူမရှိပဲ ကဗျာတွေ တရစပ်ရွတ်ခဲ့ဖူးသည်။ ယခု ပြုံးနေသည်။ စိတ်ရှိလက်ရှိ ပြုံးနေသည်၊ ဘဝကို ဘဝနှင့် မြှောက်သည့်အခါ ပြုံးပြုံးကြီး ကျရှုံးခြင်းသည် အဖြေ…။

ဝတ်မှုံကူးပြီးသော မြီးတံတို ငှက်ကလေးတို့ အိပ်တန်းဝင်ကြတော့မည်။ ကဗျာသံကား တိုးလိုက်ကျယ်လိုက်..။ ဘယ်သူမှ မခူးလဲပဲ နွေဦးတစ်ချို့ စိတ်လိုလက်ရပွင့်ခဲ့ကြပြီ။ဘာပဲဖြစ်ဖြစ် ချယ်ရီပင်ရိပ်မှ ပို့မိသော မေတ္တာ ဟောဒီ့ကမ္ဘာမြေ သာယာစေဖို့ပါလေ..။



(ရှင်မားရု)
၀၃၀၄၂၀၁၄

3 comments:

Crystal said...

အချိန်တန်တော့ ပန်းကလေးတွေ ပင်ယံထက်က ကြွေကျ မြေခ၊

ပန်းကလေးတွေက ပြတဲ့ တရားတစ်ပုဒ်

မှန်းဆ နာကြားမိပါသည်။

ကမ္ဘာမြေလည်း သာယာပါစေလေ ... _/\_

Lin said...


ပို့သမေတ္တာတုန့်ပြန်ပါသည် ဘုရား _/\_ _/\_ _/\_
ဦးဇင်းလည်းအေးချမ်းပါစေ။

Anonymous said...

ရောက်ခဲ့ပါတယ် ဦးဇင်း။