Wednesday, March 2, 2016


က)
“အရောင်တွေရဲ့ ဆွဲငင်မှုကို ကြုံဖူးပါသလား” 

သည်မေးခွန်း အမေးခံရတော့ မျက်နှာပေါ် အရောင်တစ်ချို့ ဖြတ်ပြေးသွားတယ်။ စိတ်ပြတင်းကတစ်ဆင့် မြင်လိုက်ရတဲ့ နှုတ်ခမ်းထောင့်က အပြုံးတွန့်ဟာ ဘာအရောင်ပါလိမ့်။ သိချင်စိတ်က အဲဒီအရောင်ကို ဖမ်းဆုပ်ထားမိတဲ့အထိ။ မိ/မမိ မသေချာပေမယ့် သေချာသည်မှာ သူပြုံးနေခြင်းပင်။ဘဝမှာ ဘယ်အရာကမှ မယ်မယ်ရရ အရေးမပါလှဘူးရယ်လို့ ခံယူထားသူဟာ အရောင်ကိုတော့ ကြောက်သလိုလို။ တကယ်ပဲ ကြောက်စရာ ကောင်းလောက်အောင် အရောင်တွေဟာ အရေးပါနေဆဲပါ။ အပြုံးအရောင်၊အငိုအရောင်၊မြေကြီးအရောင်၊ပင်လယ်အရောင်၊ကောင်းကင်အရောင်၊မဂ္ဂင်အရောင်၊စိတ္တဇအရောင်၊ ပီတိအရောင်၊ သင်္ခါရအရောင်၊ အိုး…များလိုက်တဲ့ အရောင်သရုပ်သကန်များ။
(ခ)
“မြေကြီးကို ငုံ့ကြည့်မိတိုင်း ရှက်မိသူ”
“ဘဝရဲ့ ဝန်ထုပ်တွေဟာ လေးလံလိုက်တာ“လို့ ငြီးမိတဲ့အခါ မြေကြီးကို အားနာရတယ်။ မြတ်ဗုဒ္ဓရဲ့သားတော်ကြီး ရှင်သာရိပုတြာကိုမြေကြီးပမာ တင်စားကြတာ စာပေမှာအထင် အရှား။သည်းခံမှု၊ မာကျောမှု၊ ကြီးကျယ်မှုတို့ရဲ့ ပြယုဂ်အဖြစ် မြေကြီးရောင်လို ရှင်သန် သူ။ လောကလူသားတွေရဲ့ နေ့တဓူဝ အညစ်အကြေးတွေကြား အပြုံးမပျက်တဲ့မြေကြီး ကို အားကျလို့ ဘာအရောင်အကြိုက်ဆုံးလဲ အမေးခံရတိုင်း မြေကြီးရောင်ဟု မဆိုင်းမတွ ဖြေမိသည်ချည်း။မျက်မှောက်ခေတ်ရဲ့ပူနွေးပျက်စီးလာနေတဲ့ ကမ္ထာမြေကို ကယ်တင်ဖို့ ဖိုရမ်တွေမှာ ခေါင်းချင်းဆိုင်နေတာ အားရစရာပါ။ “မြေကြီးလို ရှင်သန်ဖို့ မြေကြီးကို ငုံ့ကြည့်စို့” ဆိုတဲ့ တစ်ကိုယ်တော်ကမ်ပိန်းတစ်ခု လုပ်ကြည့်မလား စဉ်းစားနေတုန်း။ 
(ဂ)
“ဒုက္ခကို ဒုက္ခမှန်း သိဖို့လိုတယ်” 
ဝနဝါသီတဲ့၊ မဟာဗောဓိမြိုင်တဲ့။ အမည်နာမတွေ များများစားစား သူမသိပါ။ သိတာက တစ်ခုထဲရယ်။ “ဒုက္ခကို ဒုက္ခမှန်းသိဖို့လိုတယ်နော်”ဆိုသော ဝါကျပိုင်ရှင်။ မျက်ခုံးထူထူကြီးအောက်က မျက်ဝန်းအရောင်တွေက ဒုက္ခကို စိတ်လိုလက်ရ အနိုင်ယူထားကြောင်း သက်သေထူနေသည့်ပမာ။ အဲဒီ ဝါကျလေးတစ်ကြောင်းက သူ့ဒုက္ခအရောင်တွေကို မီးမောင်းထိုးပြတဲ့ အလင်းတန်းကြီး။ဒုက္ခအရောင်နဲ့သုခအရောင် အလင်းအမှောင် ကာလာချိန်းသွားတဲ့အခါတိုင်း အထက်ပါ ဝါကျလေးကို ကောက်ရွတ်ရင်း ဘုန်းဘုရားကြီးရဲ့ ကျေးဇူးတော်တွေကို ဆင်ခြင်အောက် မေ့မိတယ်။ “ငါ့စိတ်ကလေး ငါ့လက်ထဲရောက်ရင် ငါထားချင်တဲ့နေရာ ထားလို့ရပြီ”ဆိုမှတော့ ဘုန်းဘုန်းကြီးရဲ့မဂ္ဂင်အရောင်တွေ ရင်ထဲ ဘယ်လောက်တောင် လင်းဝေနေလိုက်မလဲ။
(ဃ)
“တရားကလွယ်တယ်၊ ကျုပ်တို့က ခဲယဉ်းနေတာ”
အမှောင်တွေ လာပြီဟေ့ဆိုလျှင် ပင်လယ်ထဲ ခုန်ဆင်းလိုက်ဖို့ လက်မတွန့်သူ သူ့အတွက် တည့်တည့်ထိမှန်တဲ့ ခပ်နာနာမျှားချက်ပါပေ။ ဘယ်အရောင်ကိုမဆို သူ့နေရာနဲ့သူ ရွေးချယ်ချစ်တတ်သည့် နှလုံးသားကြောင့်လည်း ပိုပြီးနာကျင်ရပါတယ်။ တစ်ခါတစ်ရံ ပင်လယ်ကြမ်းပြင်အရောင်နဲ့ ကောင်းကင်အရောင်ကြား ဗျာများပြီး ပိညှပ်နေတတ်သေးရဲ့။ ခပ်ပေပေ ခပ်မာမာရှင်သန်လေ့ရှိတဲ့ ကျောက်ဆောင်တွေကိုတောင် ပင်လယ်ဟာ လက်နက်ချလေ့ မရှိတတ်မှန်းတော့သိသား။ ဒါပေသိ ၊အတုယူဖို့မကြိုးစားမိတဲ့သူ့အတွက် တရားက လွယ်သလောက် ခက်နေမှာ မဆန်း။Youtube ထဲကနေ ဘုန်းဘုရားကြီးရုပ်သံဖိုင်ကို ကလစ်လိုက်မိတယ်။အသံတော်က ငြိမ်းချမ်းအေးမြခြင်း အပြာရောင်တွေ ယှက်သန်းနေသလို၊ ဖြူဖြူဖွေးဖွေး မျက်ခုံးတော်တစ်စုံက ကိလေသာအဝတ်နွမ်းတွေကို လျှော်ဖွတ်ထားပြီးကြောင်း ပြောပြနေသလိုလို။ တစ်နေဝင်ခဲ့ပြန်လေပြီ။ ခပ်ဝေးဝေးမှ သခါင်္ရအရောင်တွေကို ငေးရင်း ဒုက္ခကို ဒုက္ခမှန်းသိဖို့ မဂ္ဂင်မျက်မှန်တစ်လက် ဆောင်ထားရပါအုံးမည်။
ရှင်မားရု
၀၂၀၃၂၀၁၆
မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး၏ သက်တော် (၇၅)နှစ်ပြည့် စိန်ရတုမွေးနေ့သို့ ရိုသေစွာ ဂါရဝပြုအပ်ပါသည်။

3 comments:

ခရစ္စတလ် said...

အရောင်တွေနောက်လိုက်ပါရင်း

အဖွဲ့အနွဲ့တွေထဲ စီးဝင်ရင်း

ဆရာတော်ကြီးကို ကြည်ညိုစိတ်ဖြင့်

ပိုစ့်လေးကို ကြည်နူးစိတ်ဖြင့်

ဖတ်မိသည် …။

သာဓု သာဓု သာဓု …။

Han said...

“တရားကလွယ်တယ်၊ ကျုပ်တို့က ခဲယဉ်းနေတာ”
ကျေးဇူးပါဘုရား ...

Thuta said...

“ငါ့စိတ်ကလေးငါ့လက်ထဲရောက်ရင် ငါထားချင်တဲ့နေရာ ထားလို့ရပြီ”
သတိပေးစကားတွေအတွက် သာဓုပါဘုရား။