Thursday, February 4, 2016


(က)

“ရှိလည်း မရှိသလို နေတတ်၊
မရှိလည်း ရှိသလို နေတတ်ရင်
ရှိခြင်း မရှိခြင်းကြားမှာ အကျဉ်းကျမနေတော့ဘူးပေါ့” ။

(ခ)
လွန်ခဲ့တဲ့ လေးနှစ်ကျော်က ရေးခဲ့ဖူးတဲ့ စာတိုလေးတစ်ကြောင်း ပြန်ဖတ်မိတော့ အပြုံး တစ်ချို့ မျက်နှာပေါ် ဖြတ်တိုက်သွားတယ်။ ဒီသုံးလေးနှစ်အတွင်းမှာတင် ရှိပြီးသားတွေ မရှိတော့သလို ၊မရှိသေးတာလည်း ရှိလာတာကိုသတိထားမိ။နုပျိုခြင်းတွေ၊ ဖြူစင်ခြင်း တွေဟာ အထိုက်အလျောက်တော့ အရှုံးတစ်ချို့နဲ့ အလဲအထပ် လုပ်ယူရတာမျိုးပဲလား။ တန်ဖိုးတစ်ချို့ရယ်၊ အထူးသဖြင့် ချစ်ခင်ရသူလို့ သတ်မှတ်ထားသူတွေရယ် မရှိတော့ တာ။(နေပါအုံး ချစ်ခင်ရသူဆိုတာ ဘဝမှာ တကယ်ရော ရှိခဲ့လား၊မုန်းသူကတော့ ခုထိမရှိခဲ့တာ သေချာပါရဲ့) မရှိလည်း ဖြစ်တယ်လို့ ထင်ထားပေမယ့် ခုချိန်ထိရှိနေသေးတဲ့ အရာတွေရယ် ဘဝက အကျဉ်းသားတစ်ဦးပမာ။ ရှိခြင်း၊မရှိခြင်းကြားမှာ ညီမျှအောင် နေတတ်ဖို့ ထင်သလောက် မလွယ်ကြောင်း ဝန်ခံရ မှာပါပဲ။

(ဂ)
ခုတလော အပြုံးအကြောင်း ခေါင်းထဲခဏခဏ ဝင်လာတယ်။ ဂျပန်မှာ နေရာတိုင်းလိုလို အလိုအလျောက် စက်တွေ တွေ့နေရတယ်။ စားပွဲထိုးမထားတဲ့ စားသောက်ဆိုင်တွေမှာ ၊ကားစပယ်ယာမရှိတဲ့ အဝေးပြေးကားကြီးရဲ့ ဝင်ပေါက်တွေမှာ ၊ လမ်းဘေး အအေးစက် တွေမှာ ၊ အောက်ထစ်ဆုံး အလိုအလျောက် ရေအိမ်ကမုတ်ဖွင့်ပေး၊ အလိုအလျောက် သန့်စင်ပေးတဲ့ အိမ်သာတွေမှာ စသဖြင့် အလိုအလျောက်တွေနဲ့ အသားကျနေကြတဲ့ လူမှုဘဝများ။ အထူးခြားဆုံးကတော့ တွေ့လိုက်တာနဲ့ အလိုအလျောက် ဖူးပွင့်လာတဲ့ ထိုထိုအပြုံးများ။ ဂျပန်လူမျိုးများရဲ့ အလိုအလျောက်အပြုံးဟာ တစ်ခါတစ်ရံ သူ့ရင်ကို အေးမြစေသလို တစ်ခါတစ်ရံ အထိတ်တလန့်ဖြစ်ရလေ့ရှိတယ်။

(ဃ)
ဂျပန်စကားပုံတစ်ခုရှိတယ်။ လူမှာ မျက်နှာသုံးခုရှိသတဲ့၊ တစ်ခုက တစ်လောကလုံးကို ပြ တဲ့မျက်နှာ၊ နောက်တစ်ခုက ချစ်ခင်ရင်းနှီးသူတွေပဲ ပြတဲ့မျက်နှာနဲ့၊ နောက်ဆုံးတစ်ခုက တော့ ဘယ်သူ့ကိုမှ မပြတဲ့ မျက်နှာတဲ့။ အဲဒီနောက်ဆုံး မျက်နှာကပဲ အဲဒီလူရဲ့ တကယ့် မျက်နှာအစစ်ပါပေါ့။ တလောကလုံးကို ပြတဲ့ မျက်နှာကတော့ သင်ကိုယ်တိုင်လည်း ဖြစ် ချင်ဖြစ်နိုင်တာပါပဲ။လူကြီးလူကောင်းဆန်မှုကို ပေါင်းကူးပေးတဲ့ တံတားတစ်စင်းဟာ ဟန်ဆောင်မှုထင်ရဲ့။တစ်ယောက်နဲ့တစ်ယောက် ရန်သူဖြစ်နေပစေ၊ မျက်နှာချင်းဆိုင်မိတာနဲ့ အပြုံးတွေနဲ့ ဖက်လှဲတကင်း အသားကျနေတတ်တာ။ ချောကလက်ကို အတောင့်လိုက် ဝါးစားထားသလို ဘယ်သူနဲ့ ဘယ်နေရာမှာ ဘယ်အကြောင်းအရာပဲ ပြောပြော ချိုမြနေ တတ်တာတွေကြောင့် တစ်ဦးကိုတစ်ဦး ယုံကြည်ဖို့ ခက်ခဲသွားတယ်။ ဒါ့ကြောင့်များ မြို သိပ်ထားတာတွေ သက်သာစေဖို့ သုရာယဉ်ကျေးမှုဟာ ပိုပိုထွန်းကားလာလေသလားပဲ။

(င)
သင့်ပတ်ဝန်းကျင်မှာ တစ်ယောက်ထဲ စကားပြောနေတတ်တဲ့ လူတစ်ချို့ကို တွေ့ဖူးမှာပါ။ကိုယ့်မှာဖြစ်နေတဲ့ စိတ်ရောဂါကို သိတဲ့သူရှိသလို မသိတဲ့သူလည်း ရှိတယ်။ လူနာဆောင် အမှတ်(၆) ထဲက ဆရာဝန်လို အရူးပါးတွေကိုတော့ ဒီနေ့ခေတ်မှာ ပိုတွေ့ရတယ်။ တစ် ယောက်ထဲနေခြင်းနဲ့ တစ်ကိုယ်တည်း စကားပြောတတ်ခြင်းကို အသိုက်အဝန်းနဲ့ နေတဲ့ သူတွေတော့ နားလည်နိုင်မယ်မထင်။ စိတ်ရောဂါသည်တစ်ယောက်ဆီကို စိတ်ရောဂါ သည်တစ်ချို့ လာရောက်ကုသနေကြောင်း ကြားရတဲ့အခါ မအံ့သြပါနဲ့။ အော်တိုအပြုံး တွေကို ကြောက်ရင် တစ်ယောက်ထဲနေတာ အကောင်းဆုံး။ (ဘုရားလည်း ဒီလို ဟောခဲ့ဖူးတာပဲ) ။ ဒီတော့ ငါ့ရှင်ကို မေးပါရစေ။ အပြုံးကို အပြုံးနဲ့ ဝယ်မှာလား၊ တစ်ယောက်ထဲ စကားပြောကျင့်မလားဆိုတာ..။ မေးခွန်းနှစ်ခုစလုံးကို No ဆိုရင်တော့ သင်ဟာ ရှိလည်း မရှိသလို နေတတ်၊ မရှိလည်း ရှိသလို နေတတ်သူဖြစ်နေမလားပဲ။

(ပုံ)
တစ်ယောက်ထဲ စကားပြောတတ်လာသူကြီး
ရှင်မားရု
၀၃၀၂၂၀၁၆

1 comments:

Han said...

ရင်းနှီးသူတွေရဲ့အပြုံးတွေကိုယုံကြည်သလောက်
အခြားသူတွေရဲ့အပြုံးတွေကို ယုံတတ်တဲ့ဝါသနာမပါတော့
အပြင်လောကမှာ အော်တိုပြုံးစက်ကို အမြဲ “ON” ထားမိတယ်။
ပုံ /
တစ်ယောက်ထဲပြုံးတတ်လာသူကြီး
:)