Friday, January 15, 2016

(က)
ဒီနှစ်ဆောင်းဟာလည်း ရဟန်းတစ်ပါးရဲ့ စိတ်ညှာတံကို မနှစ်ကလို ခြွေချနေတုန်းပဲ။ အအိပ်မက်တဲ့ ရဟန်းတစ်ပါးကို မြတ်ဘုရား မချီးမွမ်းတာ မှန်ပေမယ့် ဆောင်းတွင်းပျော်ပိုလာဝက်ဝံမှ မဟုတ်ပဲလေ။ အေးစက်စက် မနက်ခင်းကို ဥဒေတယံ ဥဒေါင်းမင်းလို သီကျူးကြိုဆိုဖို့ရာ နေရောင်ကို ရှာမတွေ့သေး။ နေမျိုးနွယ်ဝင်တို့ရဲ့ ကျွန်းကလေးပေါ်မှာ နေမင်းဟာ သူ့ကိုယ်သူ ပဋိသန္ဓေပြန်ယူနေလေရော့သလား။

(ခ)

မနက် ၈ နာရီထွက်တဲ့ ရထားပေါ်မှာ တိုးတိုးဖွဖွ “အနေကဇာတိ သံသာရံ”နေသော ရဟန်းတစ်ပါးကို မြင်တွေ့နိုင်တယ်။ ဒုတိယမြောက်မှတ်တိုင်ရောက်တိုင်း လသားအရွယ် အကားကျန်(ကလေးလေး)ကို ချီရင်း ရထားကြီးကို ဘိုင့်ဘိုင့်လုပ်နေသော မိခင်ဟာ သူ့စိတ်ကင်မရာထဲက အလှဆုံးသဘာဝရှုခင်းပုံ တစ်ပုံပါပဲ။အနွေးဓာတ်လွှတ်ပေးထားတဲ့ လျှပ်စစ်ရထားကြီးဟာ အလောင်းတော်ဘဝက နွေမိုးဆောင်း ပြဿဒ်နန်းဆောင်ကြီးပမာ ဆောင်းဆို နွေးပြီး နွေဆိုလည်း အေးနေတတ်သေးရဲ့။

(ဂ)

အရှက်အကြောက်ကြီးလွန်းတဲ့ ရဟန်းတော်ဟာ ခုတော့ နိပွန်းပြည်ရဲ့ မည်သည့်သန့်စင်ခန်းကို မဆို ဝင်ရဲထွက်ရဲစ ပြုလာပြီ။ တိုကျိုမြို့ရဲ့ တိုးရှိမားအမှိုက်ရှို့စက်ရုံကြီးပမာ ခန္ဓာငါးပါးထဲက ထွက်လာသမျှ အမှိုက်တွေ အလိုအလျှောက် ရှို့ပေးနေရင် ဘယ်လောက်ကောင်းလိုက်မလဲ။ အနာမာသ ငွေစကြေးစ လေးများ ဖောဖောသီသီ ရှိလို့ကတော့ ရွှေပြည်ကြီးကို အလိုအလျှောက် သန့်စင်ခန်းတွေနဲ့ ပြောင်းလဲ ပေးချင်စိတ် သူ့မှာ ရှိနေတုန်းပဲ။

(ဃ)

ဒီဘက်ခေတ်ရဲ့ အလည်အပတ်သွားချင်ဆုံးနိုင်ငံဟာ နိပွန်းပြည်သားတို့အတွက်တော့ ရွှေမြန်မာပါတဲ့။ တံငါသည်ကြီးရဲ့ ဇလားကြီးထဲက ဂဏန်းတွေလို တစ်ယောက်ကိုတစ်ယောက် ဆွဲချနေသရွေ့ ရွှေပြည် တော် မျှော်တိုင်းဝေးနေအုံးလေမလား။ တစ်ယောက်ကို တစ်ယောက် ကျော်တက်ကြ တစ်ယောက်ကို တစ်ယောက် ငုံ့ကြည့်ကြတဲ့ စိတ်ရောဂါတွေ အရှင်းပျောက်စေချင်လှပါပြီ။ စဉ်းစားရင်း တွေးရင်း ကိုယ့် ကိုယ်ကို ငုံ့ကြည့်မိတော့ ရှက်နိုးနားနားရယ်။

(င)

အသံကြားရတယ်၊ နှင်းမိုးတွေ တဖြောက်ဖြောက် ကျလာတယ်။ မလုံမခြုံအလွှာပါးလေးနဲ့ ဘယ်လိုဘယ်ပုံ ဒီတစ်ဆောင်းကို ဖြတ်ကျော်ရပါ့။ အအိပ်မက်တဲ့ ရဟန်းတစ်ပါး လက်ကိုင်ဖုန်းထဲက ရာသီဥတု လမ်း ညွှန်ပြ အပလီကေးရှင်းလေးကို စိုက်ကြည့်ရင်း ဈာန်စိတ်တွေတဖွားဖွားကျ။ ရထားမီမှာလား သူမစဉ်း စားပါဘူး။ သူစဉ်းစားနေတာက "မီးပြတ်လို့ လျှပ်စစ်ရထား မထွက်သေးဘူး"ဆိုတဲ့ ကာတွန်းလေးထဲက နိုင်ငံတော်အကြောင်း…သူချစ်ရသော သူလူမျိုးတို့ ပျော်စံရာ ဗြဟ္မာ့ဘုံ တိုင်းပြည်အကြောင်း။
ရှင်မားရု
၁၅၀၁၂၀၁၆
ခက်ဆစ်။ ။ ဗြဟ္မာ= ဗြမ္မာ၊ - မြမ္မာ၊ -ဗြဟမာ၊ -ဗြဟ်မာ၊ -ဗြန်မာ၊ -မြန်မာ၊ -ဗြဟမာ၊ -ဗြမာ၊ -ဗမာ၊(ရှေးဟောင်း မြန်မာကျောက်စာများ)

1 comments:

Han said...

“အမှိုက်ရှို့စက်ရုံကြီးပမာ ခန္ဓာငါးပါးထဲကထွက်လာသမျှအမှိုက်တွေ
အလိုအလျှောက်ရှို့ပေးနေရင်ဘယ်လောက်ကောင်းလိုက်မလဲ။”