Monday, December 14, 2015

သက်တော်(၃၂) အရွယ် မြန်မာရဟန်းတော်နှင့် သက်တော် (၄၀)ခန့် ဂျပန်ရဟန်းတော်တို့ ချမ်းအေးလှ သည့် ဂျပန်အအေးဒဏ်ကို အံတုရင်း မြက်ဖျာကလေးတစ်ချပ်ပေါ်တွင် မျက်နှာမူကာ ပုံ့ပုံ့ကလေး ထိုင်နေကြသည်။ လောကဝတ်တွင် အသက်ကြီးသူကို အရိုအသေပြုရမြဲဖြစ်သော်လည်း သာသနာ့ ဖွဲ့စည်းပုံအခြေခံဥပဒေတွင်မူ ယင်းသို့မဟုတ်ပေ။ ဝါကြီးသူ (အရင်ရဟန်းဘောင်ဝင်သူကိုသာ) ဂါရဝ ပြုရမြဲထုံးစံသည် အဆုံးအမနှင့်ယဉ်ပါးပြီးသူတို့အတွက် etiquette ကောင်းတစ်ခု။

ယင်းဂျပန်ရဟန်းတော်သည် နှယ်နှယ်ရရမဟုတ်။ အမေရိက သာသနာပြုခရီး အတွေ့အကြုံရှိသည် သာမက ကိုယ်တိုင်လည်း ဗုဒ္ဓဘုရားဝိနည်းနှင့်အညီ လိုက်နာကျင့်ကြံနေသူ ခင်ကြီးတစ်ပါးဖြစ်သည်။ ဂျပန်သာသနာ့ထုံးစံအရ အိမ်ထောင်ပြုလိုက ပြုခွင့်ရှိသော်လည်း တစ်ပါးတည်းဧကစာဘဝကိုသာ ပိုမို မြတ်နိုးသူလည်း ဖြစ်သည်။အခြားခင်ကြီးများနှင့်မတူ ဆံပင်မုတ်ဆိတ်မထား၊ ဆွမ်းခံဝတ်ကိုလည်း မပျက်ကွက်သူ အာဂနိပွန်းဂျင်းပါပေ။

ပထမအဆင့်သင်ခန်းစာအနေဖြင့် ဘုရားအဆူဆူရဲ့ လက်သုံးတောင်ဝှေးဖြစ်သော အာနာပါနကို အတူ တကွ သင်ကြားလေ့ကျင့်ပြီးတဲ့နောက် ဂျပန်ဝက်အူပီပီ ကွန်ပလိန်းတက်တော့သည်။ “ ဆရာသခင် တပ်ဆင်ပေးထားတဲ့ သတိဘရိတ်ကို ကောင်းစွာနင်းပါလျှက် အဘယ့်ကြောင့် ဂျပန်ကားတွေလို ဘရိတ် မမိပါသလဲ” တဲ့။ ကားထုတ်သည့်နိုင်ငံမို့ ကားဥပမာဖြင့်သာ နားချရတော့သည်။

ယနေ့ကား kairitsu (戒律)ခေါ် ဗုဒ္ဓဘုရား၏ အခြေခံဥပဒေအကြောင်း ဆွေးနွေးဖြစ်ကြသည်။ ရဟန်းတော်များ မဖြစ်မနေ လိုက်နာရမည့် အခြေခံစည်းမျဉ်းများနှင့် စပ်လျဉ်းပြီး (၁)離殺生Risesshou ခေါ် သတ္တဝါများအပေါ်စာနာသနားခြင်း၊ (၂) 離不与冣 Rifuyoshu ခေါ် ပိုက်ဆံအိတ်စ သည် ကောက်ရပါက ရဲစခန်းထံ အပ်နှံခြင်း။ (၃)離邪欲行 Rijayokugyou ခေါ်စိတ်အလိုကို ထိန်းချုပ်ခြင်း။(၄) 離妄語 Rimougo  ခေါ် ပလီပလာမပါ ရိုးသားစွာ ပြောဆိုဆက်ဆံခြင်းတို့သည် လူသားအားလုံးနှင့်ပါ ဆက်စပ်နေကြောင်း ခင်ကြီးလည်း ကောင်းကောင်းသဘောပေါက်ပါသည်။

ကျေးဇူးတရားကို သိတတ်သည့်နေရာ၊ ကတိတစ်ခုကို တန်ဖိုးထားသည့်နေရာတွင် ဂျပန်လူမျိုးသည် ကမ္ဘာပေါ်တွင် သူမတူအောင် ထူးခြားကြောင်း နာမည်ကြီးသည်။ တစ်ရက်က အဆာဟိ (朝日新聞) သတင်းစာဟောင်းစာမျက်နှာတွင် သတင်းတစ်ခုဖတ်လိုက်ရသည်။ လူတစ်ယောက် အရက်ဆိုင်ထဲ ဝင်လာသည်။

စာပွဲထိုး။ ။ ကြိုဆိုပါတယ်ခင်ဗျား။ ဘာများသုံးဆောင်ချင်ပါသလဲ
ဧည့်သည်။ ဝီစကီ(၂)ခွက်ချပေးပါ
စာပွဲထိုး။။ နောက်ထပ် အဖော်တစ်ယောက်ကို စောင့်အုံးမှာထင်တယ်နော်
ဧည့်သည်။ မဟုတ်ဘူးဗျ။ ကျနော်တစ်ယောက်ထဲ
စာပွဲထိုး။ ။ ဟုတ်..ဟုတ်ကဲ့။ သဘောပေါက်ပါပြီ။ ဒါဆိုရင် ပထမတစ်ခွက်ကုန်တာနဲ့ နောက်တစ်ခွက် 
               ချပေးပါ့မယ်။
ဧည့်သည်။ အဲလိုလည်းမဟုတ်သေးဘူး။ တစ်ပြိုင်နက် (၂)ခွက်ချပေးပါ
စာပွဲထိုး။ ။ ခင်ဗျား………
ဧည့်သည်။ ဒီလိုဗျာ။ အရင်တစ်ပတ်က ကျနော့်သူငယ်ချင်တစ်ယောက် ဆုံးသွားတယ်။ သူမဆုံးခင် ကျနော် သူ့ကို အရက်အတူတူသောက်ဖို့ ဒကာခံပါ့မယ်လို့ ကတိပေးထားတာ။ ခု သူမရှိတော့ပေ မယ့် သူ့ကိုယ်စား အပိုတစ်ခွက်မှာပြီး အတူတူသောက်ဖို့ပါ။
စာပွဲထိုး။  ။ သြော်။ ..။ သဘောပေါက်ပါပြီခင်ဗျာ။

ဒီလိုနဲ့ အဲဒီလူဟာ အမြဲလိုလို အရက်ဆိုင်သွားပြီး (၂) ခွက်မှာသောက်လေ့ရှိပါသတဲ့။ တစ်ခွက်က သူသောက်ဖို့နဲ့ ကျန်တစ်ခွက်က မရှိတော့တဲ့ သွားလေသူ သူငယ်ချင်းသောက်ဖို့ပါ။ ဆိုင်ကလူတွေ လည်း သူဝင်လာတာနဲ့ မှာစရာမလိုတော့အောင်ကို ဝီစကီ(၂)ခွက်ချပေးပြီး ပြင်ဆင်ပေးလေ့ရှိပါသတဲ့။


တစ်ရက်တွင်မူ ထူးထူးဆန်းဆန်း (၁)ခွက်ပဲ မှာနေသဖြင့် ပြုစုနေကျ စားပွဲထိုးလဲ အံ့သြသွားပါသည်။ အဲဒီမှာ သူပြောလိုက်သည်က “ဒီနေ့တော့ ကျနော် သုရာမေရယကို ဝေရာမဏိထားတယ်ဗျ” ။

ကိုယ်တိုင်မသောက်ဖို့ ဆုံးဖြတ်ထားသည့် နေ့မျိုးမှာတောင် မရှိတော့သည့် သွားလေသူ သူငယ်ချင်းအပေါ် ကတိမဖျက်သော ကိုရွှေဂျပန်ပါ။ သာမာန်အမြင်ဖြင့် ကြည့်လျှင်မူ တော်တော်လေး ကြောင်စီစီနိုင်သည်ဟု ထင်စရာရှိသော်လည်း ဒါဟာ ဂျပန်စိတ်ဓာတ်ပါ။ ခုလည်း ဂျပန်ခင်ကြီးတစ်ပါး သူ့အပေါ် တရားရှယ်ယာလုပ်ပေးရုံလေးမျှကိုပင် သူကိုယ်တိုင် ဆွမ်းခံလို့ ရသည့် ဆွမ်း ဘောဇဉ်ထဲက တစ်ချို့ကို လာရောက်လှူဒါန်းခြင်းဖြင့် ကျေးဇူးဆပ်နေပေပြီ။

ပီတိတစ်ချို့၊ ရှက်စိတ်တစ်ချို့နဲ့အတူ ဆုံးဖြတ်ချက်တစ်ခုကို ပြတ်ပြတ်သားသားချပြီး ဂျပန်ခင်ကြီးကို ကတိပေးလိုက်သည်။ “ခင်ကြီးဆွမ်းခံထွက်သည့်ရက်တိုင်း အရပ်တကာလှည့်ပြီး သပိတ်တစ်လုံးနဲ့ အတူတူ ဆွမ်းခံထွက်တော့မည့်အကြောင်း” ။


ရှင်မားရု

၁၂၁၂၂၀၁၅

2 comments:

Han said...

ဆူရှီးတွေလောင်းလွတ်ကြလို့ ရဟန်းမစားရသောဆွမ်းတစ်နပ်ဖြစ်နေဦးမယ် ဘုရား။
:)

Win Win Yee said...

ဘယ်နှစ်ရက် ဆွမ်းခံပြီးပြီလည်းဘုရား၊ ဆက်ရေးပါဦး ..