Sunday, September 27, 2015



သူရောက်နေတဲ့ နေရာဒေသရဲ့ ဗဟုသုတအချို့နဲ့ ပက်သက်ပြီး မိတ်ဆွေနဲ့ စကားပြောမိတယ်ပေါ့။ ဂျပန်တွေ ကြံဖန်ငွေရှာတတ်ပုံနဲ့ အဿာဒလို့ခေါ်တဲ့ သာယာစရာကို မျိုးစုံခံစားတတ်ကြပုံအကြောင်း စပ်မိစပ်ရာလေးတွေပါ။ မိတ်ဆွေလည်း ဗဟုသုတဟင်းလေးအိုးဆိုတော့ သိသင့်သလောက် သိထား ပေမယ့် သူ့စကားကြားရတဲ့အခါ မျက်လုံးမျက်ဆံပြူးသွားရတယ် (လို့ ထင်တာပဲလေ)။

“ဂျပန်မှာ နားအငှားလိုက်သလို၊ ကြင်နာမှုတောင် အငှားလိုက်သဗျ” ဆိုတော့ မိတ်ဆွေက ချက်ချင်း သဘောပေါက်ဟန်မတူဘူး။ နားအငှားလိုက်တယ်ဆိုတာ ကိုယ်ရင်ဖွင့်ချင်တဲ့ဘဝရဲ့ အပူအမောတွေ၊ ကြည်နူးစရာတွေ ဘာမဆိုကို အကြံပေးစရာမလို အင်း အဲ လိုက်ရုံသက်သက် ဆားဗစ်ပေးရတဲ့ အလုပ်ကို ခေါ်တာ။

ကြင်နာမှု အငှားလိုက်တယ်ဆိုတာတော့ နယ်ပယ်ကျယ်တယ်ဆိုရမယ်။ အိမ်တိုင်ရာရောက် လိုက်ပြီး ဝမ်းနည်းစရာတွေကို နှစ်သိမ့်ပေးရသလို၊ ငိုကြွေးမိတဲ့အခါ မျက်ရည်သုတ်ပေးရတာကစပါတယ်။ တစ်ခုရှိတာက ဘယ်အလုပ်မဆို နာရီမိနစ်အကန့်အသတ်ရှိပါတယ်။ အချိန်စေ့တာနဲ့ Service Over ဖြစ်သွားတာပါပဲ။ တကယ်လို့ အချိန်ပို ထပ်လိုချင်ရင်တော့ ဝန်ဆောင်ခထပ်ပေးပေါ့။

“ ဝိုး…ဘူမိနက်သန်ပဲ..” လို့ မိတ်ဆွေက အရွှန်းဖောက်ပါတယ်။ သူပြောချင်တဲ့စကားက ခုမှစမှာမို့ ခွင် ထဲတော့ ရောက်လာပြီဆိုပြီး သူ့တရားကို နိဒါန်းပျိုးလိုက်တယ်။ ”အေးဗျာ..ဘုရားဟောတဲ့ သာမုက္ကံသိက ဒေသနာစဉ်အတိုင်း ဘဝကို အရိုးရှင်းဆုံးနေဖို့ အဿာဒလေးကစပြီး လွတ်လမ်းကိုဖွေရှာရင် ခရီးပိုတွင်မလားလို့လေ”

မိတ်ဆွေက စကားထောက်ပေးတယ်။ “သုတေသနလုပ်နေတဲ့ ရဟန်းတစ်ပါးက ပြောဖူးတယ်ဗျ။ ငါတို့ လာခဲ့တာ ဗုဒ္ဓဒေသနာစဉ်နဲ့ လွဲနေသလိုပဲ။ သံဝေဂမပါပဲ ဝတ်ခဲ့တာ၊ အာဒီနဝမမြင်ပဲ ကျော်တက်ခဲ့သ လိုပဲတဲ့။ ဒါပေမယ့် ကိုယ်ကတော့ အဲဒါဟာ လောဂျစ်ဆန်တဲ့ ကြံဆချက်လို့ပဲ မြင်တယ်"

သာမုက္ကံသိကဒေသနာဆိုတာ အလွယ်ပြောရရင် အရင်ဆုံး လောကီစည်းစိမ် ကာမဂုဏ်သိမ်တို့ရဲ့ သာ ယာကြည်နူးစရာတွေကို မြင်အောင်ကြည့်စေပြီးမှ ရိုးသွားလောက်ပြီဆိုတဲ့အခါ အဲဒီအာရုံတွေရဲ့ အပြစ်ကို ပြပါတယ်။ နောက်ဆုံးမှ စပ်ဆုပ်စရာ ဒီအာရုံတွေကနေ လွတ်မြောက်ရာလမ်းပေါ် လျှောက်လှမ်းစေ တာပါပဲ။ သိပ်ကိုရိုးရှင်းပါတယ်။

မိတ်ဆွေက သူ့အမြင်ကို ဆက်ပြောလာတယ်။ “ငယ်ရွယ်လွန်းတဲ့ ရာဟုလာလေးကို ဇွတ်ကိုရင်စီးပေးခဲ့တဲ့
ဘုရားကိုယ်တိုင်တောင် လွဲခဲ့လေသလား”   ။ တဲ့။ မိတ်ဆွေ အစဆွဲထုတ်လိုက်မှပဲ ရာဟုလာလေး ကိုတောင် ကိုယ်ချင်းစာမိသလိုလို ။ ဒါပေမယ့် စကားလုံးထွားတဲ့ ပါရမီနဲ့ ကိုင်ပြီး ဆင်ခြေပေးလို့ရသလို အများနဲ့ တစ်ယောက်ဆိုတဲ့ သင်္ချာကိန်းတွေနဲ့ ကိုင်ပေါက်လို့လည်း ရနေပြန်ပါတယ်။

စကားဝိုင်းလေးက မထင်မှတ်ပဲ မြိုင်ဆိုင်လာပေမယ့် မိတ်ဆွေရဲ့ နောက်ဆုံးမှတ်ချက်ကတော့ ရင်ဝကို တည့်တည့်တိုးဝင်ထိရှခဲ့ရတယ်။ “ ဘာပဲဖြစ်ဖြစ် ခင်ဗျားတို့ ကျုပ်တို့ဟာ ကိုနန္ဒလောက်တော့ ဇက်ငင် ဇက်ငင် မဖြစ်ကြပါဘူးဗျာ…” ။ စကားစကို ဖြတ်ပြီး ထိုင်ရာက ရုတ်တရက် ထရပ်လိုက်မိတယ်။ သူ့ခြေ ထောက်တွေက တစ်နေရာကို အတင်းဆွဲခေါ်သွားနေသယောင် ခံစားလိုက်ရလို့ပါပဲ။ လွင်တီးခေါင်က မျောက်မကြီးဆီကိုလား၊ နတ်ဘုံက နတ်သမီးလေးတွေဆီကိုလား။ ဒါမှမဟုတ်….။ ဆောင်းဦးပေါက်ရာသီ မို့ထင့်။ ဟိုး…အဝေးက တောအုပ်လေးတောင် သံဝေဂရောင်သန်းလို့…။

ရှင်မားရု
၂၇၀၉၂၀၁၅

ခက်ဆစ်။
ရာဟုလာ= ဘုရားသားတော်

ကိုနန္ဒ= ဘုရားညီတော် ဖအေတူ မအေကွဲ

1 comments:

Han said...

ရှင်တော်မြတ်ဘုရား ရှင်နန္ဒကို ချေချွတ်ခန်းအဆင့်ဆင့်ကို မြင်ယောင်နေမိပါ၏ဘုရား …။
(ကိုနန္ဒ နတ်ပြည်ကအပြန်မယ် ဇနပဒကလျာဏီ ကိုဘယ်လိုမြင်သွားလဲဆိုတာလေးတော့
ပြန်မသိစေချင်ပါ။ သနားပါတယ် :D )