Saturday, August 22, 2015



 (၁)
အိမ်ဖြူတော်က ငှက်ပဲဖြစ်ဖြစ်၊ နေပြည်တော်က ငှက်ပဲဖြစ်ဖြစ် သီချင်းဆိုတတ်ကြတာချည်းပါပဲ။ နား ထောင်တတ်ဖို့သာ လိုပါတယ်။

(၂)
ရွေးချယ်မှုက ဘဝတွေကို ပြောင်းလဲစေနိုင်သလား။ အခွင့်အရေးကို လှမ်းမြင်နေရတဲ့အခါ တစ်ချို့က ပြတ်သားကြတယ်။ တစ်ချို့က ကိုယ်တိုင်မရွေးချယ်နိုင်၊ ရွေးချယ်ရကောင်းမှန်းပင် မသိ။ တစ်ခါတစ်ရံ
ရွေးချယ်မှုတွေက ကြောက်စရာကောင်းလောက်အောင် အလုံးစုံပျက်သုဉ်းခြင်းတွေ ကပ်ပါလာတတ် ပြန်တယ်။ အမှန်တရားဟာ မျက်ဖြူဆိုက်နေတဲ့အခိုက် အမှားတစ်ရံက ကခုန်နေတုန်းဆိုရင်တော့ ချီတုံ ချတုံဟာ အဖြေဖြစ်နိုင်ပါ့မလား။

(၃)
အာဏာဆိုတာ သားသမီးကိုတောင် စတေးဖို့ လက်မရွံ့တတ်တဲ့ ဆာလောင်မှု အကြီးစားတစ်မျိုးဖြစ်  တယ်။ ကမ္ဘာဦးကတည်းက အစဉ်အဆက် ယစ်မူးလာခဲ့ကြတဲ့ အာသာ။ ထိုထိုဤဤများထက် စွဲလန်း စရာ အဲဒီမွတ်သိပ်ခြင်းဟာ သင့်ထံမှောက် ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာပြီဆိုပါစို့။ ဆိုပါစို့ထက် ပို
ပြီး တိကျတဲ့ နေ့စွဲတစ်ခုအတွက် သင်ကော ဘယ်လို ပြင်ဆင်ထားပြီးပြီလဲ။ သင့်မှာရှိတဲ့ ရွေးချယ်ခွင့်နဲ့ အစားထိုးမလား၊ ဒါမှမဟုတ်…။

(၄)
မြို့ထဲကအပြန် အချိန်ရတာနဲ့ အိမ်မွေးတိရစ္ဆာန် အရောင်းပြခန်းရှေ့ ရောက်သွားတယ်။ ခွေးကလေး ကြောင်ကလေးတွေဟာ ရိုးသားကြသလို၊ ချစ်စရာလည်းကောင်းတယ်။ သို့သော် သူတို့မှာ ရွေးချယ်စ ရာ များများစားစားမရှိ။ အောက်ထစ်ဆုံး ကိုယ့်သခင်ကိုတောင် ကိုယ်တိုင် ရွေးခွင့်မရှိကြ။ မည်သို့ပင် ဆိုစေ ။ “ငါတို့ချစ်တဲ့သူဆိုတာ ငါတို့ရွေးချယ်လို့မရဘူး” ဆိုတဲ့ ခေတ်မဟုတ်တော့ပါ။ အဖြေက သင့် လက်ထဲမှာ သေသေချာချာကို ရှိနေတာ။

(၅)

“မြန်မာမှန်ရင် ဂုဏ်ယူလိုက်ပါ၊ ဗုဒ္ဓဘာသာဆိုရင် …”.စတဲ့ ဂူတွင်းအောင်း အနာဖေးခွာတာလေးတွေ လျှော့ပြီး မှန်တဲ့ဘက်မှာ နေကြရအောင်လား။ ဟုတ်ကဲ့..။ ငှက်ဖြူပဲဖြစ်ဖြစ်၊ ငှက်ကျားပဲဖြစ်ဖြစ် သီချင်း ဆိုတတ်ကြတာချည်းပါပဲ။ နားထောင်တတ်ဖို့သာ လိုပါတယ်။

ရှင်မားရု
၂၂၀၈၂၀၁၅

1 comments:

Han said...

"နားထောင်တတ်ဖို့သာ လိုပါတယ်။"
ကျေးဇူးပါဘုရား ...