Tuesday, August 20, 2013


ယနေ့သည် ယနေ့ဖြစ်ကြောင်း မည်သည့်သက်သေခံကဒ်ပြားမှ ထုတ်ပြစရာမလိုပါ၊ ယနေ့ကို ဖြတ်သန်းရန် မည်သည့်လူဝင်မှုကြီးကြပ်ရေးဆီသို့မှ ထောက်ခံချက်သွားတောင်းရခြင်းမျိုး မရှိ။ သို့သော် ယနေ့ပေါင်းများစွာ
ဖြစ်တည်လာသောအခါ  မနေ့ကနှင့်မတူသော  ယနေ့၏ ယနေ့ကို ကမ္ဗည်းတစ်စုံတစ်ရာတပ်ရတော့သည်။ 

ပထမဆုံးအကြိမ်အဖြစ် ယနေ့သည် သတ်မှတ်ချက်တစ်ခု၏ ခေါင်းစဉ်အောက်သို့ တိုးဝင်သွားတော့သည်၊ 
မိမိအလိုဆန္ဒသည်ကား လူမျိုးမရွေး၊ အသားအရောင်မရွေး၊ ခိုလှုံရာ ဘာသာမရွေး မျိုးဆက်သစ်များနှင့် လက်ပွန်းတတီး ကြည်မွေ့လို၏၊ သူတို့လေးတွေ၏ ခံစားချက်ကို နားထောင်ပေးရင်း ထိန်းကျောင်းပေးလို၏၊ ဘဝတစ်ခု မည်သို့ မည်ပုံ ဖြစ်ပေါ်လာပုံ ယင်းကို မည်သို့မည်ပုံ တန်ဖိုးထားသင့်ပုံ စသည်စသည် ဆရာကြီး ဂိုက်ဖမ်းချင်သည်။

ယခုကား ယင်းသို့မဟုတ်ပြီ၊ မိမိကား အခြားခေါင်းစီးတစ်ခု၏ ပြယုဂ်တစ်ခု ဖြစ်လာချေပြီ၊ မိမိနဖူးတွင် စာတန်းတစ်စုံတစ်ရာ ပေါ်/ မပေါ် မှန်ထောင်ကြည့်ရပေအုံးမည်၊ မှန်၏၊ အိပ်မက်ကား ပွင့်အာလာချေပြီ။ ပန်းတော့ ပန်းပါပဲ သို့သော် နှင်းဆီမဟုတ်ဟု ဆိုရမည်လား မသိ။ မည်သို့ပင်ဖူးပွင့်လာစေကာမူ ကျေနပ်ရမည်သာတည်း။
ကိုယ်တိုင်လည်း စိတ်ကို လေ့ကျင့်ပျိုးထောင် ပေါင်းသင်၊ လောင်းရိပ်မိနေသူတစ်ချို့ကိုလည်း လွတ်လပ်ရုန်းကြွတတ်လာအောင် တွဲကူရင်း ဘ၀က ခုမှ ဘွန်ဇိုင်းပင်လေး ဖြစ်မှန်းမသိ ဖြစ်နေတော့သည်။

အဖိုးအခ ပေးစရာမလိုသော သဘာဝ၏ ပြကွက်ဆန်းများအား မြင်အောင် ကြည့်တတ်ဖို့ လူမျိုးကြီးဆိုသူများ မေ့လျော့နေကြသည်မှာ ၀မ်းနည်းဖွယ်။ တစ်ခါတစ်ရံ ခပ်စိမ်းစိမ်းကြည့်ရင်း၊ တစ်ခါတစ်ရံ အခိုးအငွေ့တွေကြားမှာ ပုန်းအောင်းရင်း၊ တစ်ခါတစ်ရံ ကြည်လင်
တောက်ပစွာ လင်းပရင်း ခပ်လှမ်းလှမ်းကနေ တရားပြတတ်သော တောင်တန်းကြီးများ၊ မအိပ်မနေ ခရီးရှည်နှင်ရင်း
သီချင်းတအေးအေး သီကျူးနေတတ်သော စမ်းချောင်းလေးများ၊ ရာသီ နာရီအလိုက် ကြီးလိုက် သေးလိုက် စိမ်းလိုက် ၀ါလိုက်ဖြင့် သံဝေဂပေးပြတတ်သော သစ်ပစ်ပျိုများ ၊   ထိုထို အခြင်းအရာတို့ဖြင့် အာဝါသသပ္ဗါယဖြစ်လှသော ကွန်းထောက်လေးဆီသို့  
ဟောလီးဒေးရှာပုံတော် ဖွင့်ခဲ့ကြသည့် လူတစ်စု…။

သူတို့ကား အာဂလူများပီသပါပေသည်။ ပထမဆုံးအကြိမ် မြေစမ်းခရမ်းပျိုးအဆင့်မှာပင်၂ နာရီကြာသည်အထိ မလှုပ်မပြင်ပဲ အာနာပါနကို မြိန်ရည်ရှက်ရည် မြည်းစမ်းသွားကြ၏။ ထိုထဲမှ အမျိုးသမီးကြီးတစ်ဦးကား မျက်ရည်ပေါက်ကြီးငယ် တွေတွေစီး
ကျရင်း အရိဂတောချင်းထပ်သည်အထိ တတွတ်တွတ်လုပ်နေတော့သည်။ နောက်ထပ် ဘယ်နေ့တွေမှာ လာလို့ရနိုင်မလဲဟူသော
မေးခွန်းကား မိမိရင်ကို တည့်တည့်ကြီး ထိမှန်သွားတော့သည်။ အိုဘိုးစံသာ ဂျပန်စာ စားနိုင်ရင် နေ့လည်စာ နေ့တိုင်း လာပို့ပေးမယ်
ဟူသော ယောဂီကား တစ်ဖုံ..။

အစုံစုံသော အတွေးတို့ကို ခဏခေါက်သိမ်းရင်း နာက်ထပ်နောက်ထပ်သော ဝေနေယျများစွာအတွက်ရော သူကိုယ်တိုင်အတွက်ပါ တာဝန်များ ပိုပေါ့သွားရလေအောင် ကိုင်း ဘုရားရှေ့ သွားထိုင်ကြဦးစို့ရယ်..။

(ရှင်မားရု)

1 comments:

Lin said...

အဖိုးအခ ပေးစရာမလိုသော သဘာဝ၏ ပြကွက်ဆန်းများအား မြင်အောင် ကြည့်တတ်ဖို့ လူမျိုးကြီးဆိုသူများ မေ့လျော့နေကြသည်မှာ ၀မ်းနည်းဖွယ်။