Saturday, August 17, 2013


ဒီနေ့ နေသာသည်။ သူ့မြို့လေးကား ( နေသာသည်ကို အထူးပြုရလောက်အောင်) အမြဲလိုလို နေရောင် ပျောက်ဆုံးနေတတ်သည်။ ဘာပဲပြောပြော ရေမြေ တောင်တောင် ဘဘာဝတရားများနှင့် လေးရောင်ခြယ် ရာသီဥတုကို သူချစ်သည်။ ယင်းတို့နှင့် အတူ ပနံရစွာ တိတ်ဆိတ်ငြိမ်သက်နေသည့် မြို့ကလေးကား မြို့ကလေးဆိုသည်ထက် ပိုပြီး တောရဆန်သည်။ မြို့ပြ၏ အငွေ့အသက်များ ရှုရှိုက်မိ သော်လည်း ညရောက်လေတိုင်း ဒစ္စကိုသံများနှင့် ဝေးရာ သူတော်စင်တစ်ဦးဦး၏ ကျောင်းသင်္ခမ်းပမာ ငြိမ်သက်နေတတ်သည်။ ထို့ကြောင့် သည်မြို့လေးကို သူချစ်သည်မှာ အဆန်းတော့မဟုတ်။
အဲသည်မြို့လေးကို ဒေသခံတွေက ပန်းမြို့တော်ဟု ခေါ်ကြသည်၊ (တစ်နိုင်ငံလုံးမှာ ရှိတဲ့ ပန်းတွေရဲ့ ဇာတိချက်ကြွေ မွေးရပ်မြေဖြစ်
နေလို့တဲ့ ) ပန်းတွေ ပွင့်ကြပြီတဲ့ဆို တစ်နိင်ငံလုံးက ကြီးကြီးငယ်ငယ် ရွယ်ရွယ်လတ်လတ် စုရုံးပြီးသကာလ ပန်းကြည့်ပွဲတော် (ဝါ) ပန်းသဘင် ကျင်းပကြတယ်ဆိုပဲ။ အားလပ်ရက်တွေမှာ ပြိုင်ကားနဲ့ ဆိုင်ကယ် စီးချင်းထိုးကြတဲ့အခါ့ ကျောင်းသင်္ခမ်းလေးလဲ သိမ့်သိမ့်တုန်နေတတ်သည်။ အချိန်မှန်တိကျသည့်နေရာတွင် ညနေ ၆း၁၀ နာရီ တိတိရောက်တိုင်း လူ့ထက်ကြီးသော ခွေးကြီးကို ကျောင်းရင်း ကျောင်းရှေ့က ဖြတ်သွားနေကျ ခလေးမလေးကို မှီသူ ရှိအံ့မထင်..။ ခွေးကြီးတောင် လျှာကြီးထုတ်ထုတ်ပြီး ဂါရ၀ပြုတတ်နေမင့်ဟာ..။
သူ့မှာ အိပ်မက်တစ်ခုလည်း ရှိသေးသည်။ တစ်နေ့နေ့ တွင် သူချစ်သောသူများနှင့်အတူတူ ထိုမြို့ကလေးကို ဟယ်လို လုပ်မည်။မည်သည့်စကားတစ်ခွန်းမှ မဆိုပဲ လူပြောသူပြော များလှသည့် မေတ္တာတရားအကြောင်းကို အဘိဓမ္မာဆန်ဆန် ဆွေးနွေးကြမည်။သူ ယုံကြည်ပါသည်၊ မြို့ကလေးကလည်း နှင်းစောင်တစ်ထည် ဆွဲ ခြုံရင်း ခေါင်းတဆတ်ဆတ် ငြိမ့်နေပါလိမ့်မည်။ ပီဘိ.တကယ့်ကို ပီဘိ...။ မည်သည့်စကားလုံးမှ မပါသော မေတ္တာတရားအကြောင်း ဖောင်ဖွဲ့ဖြစ်ရုံသက်သက်ရယ်သာ။

ပြီးလျှင် တလွဲတွေ ဖြစ်လေ့ဖြစ်လရှိသော ဘ၀ဆိုတာကြီးကို ရယ်စရာကြီးပါကွာ ဟု ပြောရင်း အသံမထွက်ပဲ ပျက်ရယ်ပြုကြမည်။
ဒီမြို့လေးက အပြီးအပိုင် ထွက်ခွာဖို့ ပထမကြိုးစားတုန်းက ဖြစ်သည်။ မြို့လေးကို နှုတ်ဆက်ပြီးလျှင် ဘယ်မှာနေမည်၊ ဘာတွေ လုပ်
မည် စသည့်အစီအစဉ်များ တစ်ခုချင်း ချရေးဖူးသည်။ ထို့နောက်တွင်တော့ မြို့လေးကို နောက်ဆုံးတစ်ချက် စွေ့ကနဲ ကြည့်လိုက်ကာ
တာ့တာခဲ့သည်။ တကယ်တမ်းကျတော့ လူဆိုတာ ပြဌာန်းခံ သတ္တ၀ါတစ်မျိုးပါလား ဆိုသည်ကို ငြင်းဖို့ ခက်ကြောင်း မြို့ကလေးကို နောက်တစ်ခေါက် ပြန်ရောက်သည့်အခါ အလိုလိုဝန်ခံမိသားဖြစ်ခဲ့ရ၏။ ပြောပြီးပါရောလား..။ ဘ၀ဆိုတာ တလွဲတချော်တွေ ဖြစ်လေ့ ဖြစ်ထရှိတဲ့ ဟာကြီးပါဆို..။
မမြင်နိုင်သော အကြောင်းတရားများကို မည်သူပြုပြင် ဖန်တီးနိုင်ပါမည်နည်း။ အဆင်ပြေလျှင်မူ ကံကောင်းသည်၊ အဆင်မပြေလျှင် တော့ ၀ဋ်ကြွေးဟု တလွဲပုံချတတ်သော လူဆိုသည့် သတ္တ၀ါများကား အတော်တော့ ခွကျသည်။ ဘ၀ကို အလေ့အကျင့် လုပ်မထားသူ
တွေ များနေသမျှ လောကကြီးက သည်လိုပဲ တရားခံဖြစ်မြဲ ဖြစ်နေဦးမည်ပင်၊။ သို့ဆိုလျှင်….သူကကောတဲ့၊ ထိုသို့ သူ့အကြောင်းကို
စဉ်းစားမိတိုင်း မြို့ကလေးကိုသာ မေးမိသည်..။ သူ့ဘ၀သည် အတုလေလော၊ အစစ်ပေလော ၊ယင်းသို့ အမေးအမြန်း ထူမိသော ည
များတွင် မြို့ကလေးရော သူပါ တစ်ညလုံး အိပ်ရေးပျက်ကြတော့သည်။

တစ်ပါးထဲ တောရဆောက်တည်နေသော သူတော်စင်တစ်ဦးထံ အနောက်တိုင်းသား တစ်ဦး တပည့်ခံဖူးသည်။ သုံးနှစ် သုံးမိုးသာ ကုန်သွားခဲ့သည်၊ သူတော်စင်ထံမှ မည်သည့်ပညာမှ မရလိုက်သလို စကားလေး တစ်ခွန်းတောင် ပြောဖော်မရ၍ အနှီအနောက်တိုင်း
သားခမျာ စိတ်ဓာတ်အကျကြီး ကျဖူးသတဲ့။ တစ်နေရာမှာ မှတ်သားဖူးသည်၊ အရှေ့တိုင်းက ပညာကို ကြာပွင့်ဖြင့် တင်စားတတ်သည်။ ပန်းဆိုသည်မှာ တစ်ဦးတစ်ယောက်က အတင်းဆွဲဖွင့်၍ ပွင့်ရိုး ထုံးစံမရှိ၊ သူ့ပင်ကိုယ် သဘာဝဖြင့်သာ အတွင်းမှပွင့်အာလာတတ်စမြဲ
တဲ့ ။ သူသည်လဲ ဧကစာဘ၀ကို ခုံမင်သူပီပီ တစ်ဦးတည်း ဘ၀ကို တည်ဆောက်နေသူဖြစ်သည်။ လူခွေးကြောင်စသည့် မည်သို့သော
အဖော်ကိုမျှ မထားသဖြင့်လဲ သူ့ကိုယ်သူ ဂုဏ်ယူနေတတ်သေးသည်။ သို့သော် ဂလိုဘယ်အဖော်ဟု ခေါ်ရလောက်သည့် ၀ိုင်ဖိုင်ကွန်
ယက်ကိုမူ ခပ်တည်တည်ဖြင့် အနား ခေါ်ထားလေသည်။ စင်စစ် သူသည် တစ်ဦးတည်း နေသော်လဲ သူယုတ်မာစစ်စစ်သာတည်း။

ပျော်ရွှင်သည်ဖြစ်စေ၊ ၀မ်းနည်းသည်ဖြစ်စေ အရာရာကို သူ့အတိုင်းလေး ထားလိုက်ခြင်းသည် ဘုရားဟောနှင့် ညီကြောင်း မြို့ကလေး
က သူ့ကို သင်ပေးခဲ့သည်။ မှန်ပေသည်။ အရာရာကို အရှိအတိုင်း မထားတတ်ကြသဖြင့်သာ လူဆိုသော သတ္တ၀ါများ သူသူကိုယ်ကိုယ်ဒုက္ခများကြရသည်။ ဘယ်လိုညမျိုးပဲ ရောက်လာရောက်လာ စိတ်ပျက်ခြင်း အလျင်းမရှိသော ကြယ်ကလေးများကို အတု ယူတတ်ဖို့ လေ့ကျင့်ရပါအုံးမည်။ တဖြည်းဖြည်း သူ့ မျက်တောင်များ ငိုက်စင်းလာသည်၊ မြို့ကလေးကတော့ သောက်နေကျ ဆေးလိပ်တိုကို မီးညှိတုန်း..။ 

(ရှင်မားရု)

2 comments:

Anonymous said...

သူ့မြို့ကလေးကို စာဖွဲ့သည်မှာ ကာဋ္ဌုဒါယီအမတ်လိုပါပဲလားးးးးးး :)

Lin said...

အရာရာကို အရှိအတိုင်း မထားတတ်ကြသဖြင့်သာ လူဆိုသော သတ္တ၀ါများ သူသူကိုယ်ကိုယ်ဒုက္ခများကြရသည်။