Thursday, June 22, 2017


(က)
မိုးအေးသောနွေနေ့ခင်းများအကြောင်း တွေးဖူးကြလေမလားပဲ။ ဘုရားစူး နွေမှနွေအစစ်။ သို့သော် မိုးတစ်စိမ့်စိမ်းနှင့် နွေဖြစ်သည်။ လွတ်မြောက်ရာလမ်းပေါ် လျှောက်လှမ်းနေသည့်တိုင် မလွတ်မြောက်ပါစေနှင့် ဆုတောင်းနေမိသူတွေ ဟော့ဒီဒွန္နယားကြီးမှာ ဘယ်လောက်များ များနေပြီလဲ သူသိချင်မိသည်။အအေးအပူဒွန်တွဲနေတဲ့ အရပ်ရှစ်မျက်နှာထဲမှာ နာရီလက်တံတွေလို ရှင်သန်နေနိုင်မှ တော်ရာကျပေမည်။ ဘုရား…ရေ။ သူကကော မိုးစက်များကို ခင်တွယ်နေမိပြီလား သို့မဟုတ် မိုးစက်များကို ဖန်တီးနေမိသူလား။

(ခ)
တစ်စုံတစ်ယောက်ထံမှာ ဖွက်ထားသော တစ်စုံတစ်ခုရှိနေနိုင်မလားဟူ၍ကော တွေးဖူးကြပါသလား။ လူတိုင်းတစ်ခုမဟုတ် တစ်ခု ဖွက်ထားတတ်ကြသည်။ သိမ်းထားစရာလျှို့ဝှက်ချက် password တွေများလေလေ ဘဝက မလွတ်လပ်လေမို့ လက်ဗွေရာကိုတောင် သော့ခလောက်ဟု မြင်မိသည့်ခဏငယ်များစွာ။ ဖုန်းစခရင်မျက်နှာပြင်ကို ပွတ်ဆွဲလိုက်တဲ့အခါ အာရုံငါးပါးဖြင့်ချုပ်စပ်ထားသော ဘာလိုလိုနိကန္တိများက ပို၍ပင် စိတ်ဝင်စားဖို့ကောင်းနေသေးတော့။အဆင့်မြှင့်တင်ထားသော လုံခြုံရေးစစ်စတမ်များအား ချိုးဖျက်လိုက်ပြီ။ ဒါသည်ပင် စိတ်ရှိလက်ရှိ ကြဲချလိုက်သော လွှစာမှုံ့များအကြောင်း…။

(ဂ)
“သင့်နှလုံးသားနောက်ကိုလိုက်ဖို့ ရဲရဲတင်းတင်း တွေးကြည့်ဖူးပါသလား” ဆုံးရှုံးမှုတစ်ခုခု ကြုံတွေ့နိုင်သည့်တိုင် ကျေနပ် မှုတစ်ခုခုအစားပြန်ရနိုင်ကြောင်း ရဲရဲကြီး ပြောဝံ့ပါသည်။ဆုံးရှုံးမှုဟူသော မနှစ်မြို့ဖွယ်ဝေါဟာရ၏ အမည်နာမကို အထိတ်တလန့် ထင်ကျန်ရစ်စရာ သောကခြေရာဟု ဧကံသ ကောက်ချက်ချ၍မရနိုင်ပါ။လူတိုင်းလူတိုင်း ဆုံးရှုံးဖူးသည်ဟု တပ်အပ်သေချာကျွန်ုပ်ပြောခဲ့သည့်အပေါ် ကျေးဇူးပြု၍ ခံမငြင်းပါနှင့်။ ဂုဏ်သိက္ခာဆိုသည်မှာ ရယ်သွမ်းသွေးစရာပြက်လုံးတစ်ခုသာဖြစ်သည်။ ဆုံးရှုံးဖူးသည့် နုပျိုမှုများအား ပကတိလွှတ်ချထားနိုင်လျှင် ပလက်တီနမ်နေ့ရက်တွေနှင့်အတူ ပျော်ရွှင်ရပါလိမ့်မည်။ ဆုံးရှုံးခြင်းနှင့် လွတ်လပ်ခြင်းမှာ ဒုတိယအရာကိုရွေးချယ်ခဲ့မယ်ဆိုရင်ပေါ့။ နောက်တစ်ခေါက် ထပ်ရွတ်ကြည့်ရအောင်လား ဒါဟာဂါထာတစ်ပုဒ်လည်ဖြစ်နေပြန်သည်။ “သင့်နှလုံးသားနောက်ကိုသာ လိုက်သွားပါ”..။ 

(ဃ)
မိုးစက်တို့ စဲလေပြီ
ဘဝါဘဝက စိုစွတ်ခဲ့တဲ့နိကန္တိမိုးရေတို့ကား
ရွာမြဲရွာနေဆဲ…။


ရှင်မားရု
၂၂၀၆၂၀၁၇

1 comments:

Han said...

လွတ်လပ်ခြင်း
“သင့်နှလုံးသားနောက်ကိုသာ လိုက်သွားပါ”
_/\_ _/\_ _/\_