Saturday, July 9, 2016

ကျောင်းကိုရောက်လာကြသူအများစုက ကျောင်းရှေ့မှာချိပ်ထားတဲ့ဆိုင်းဘုတ်ကိုကြည့်ပြီး ပထမဆုံးမေးလေ့ရှိတာက “ဆာတိုးရီရဲ့ အဓိပ္ပါယ်ဟာ ဘာလဲ” ဆိုတဲ့မေးခွန်းပါဘဲ။ (ဒီနေ့ စာသင်ခန်းထဲရောက်တော့လည်း ကျောင်းသားတစ်စုက"စစ်မှန်တဲ့ပျော်ရွှင်မှု"ဆိုတာ ဘယ်လိုမျိုးလဲတဲ့။ ဒါကိုတော့ ကျောက်သင်ပုန်းပေါ်မှာ စကားလုံးနဲနဲချရေးပြီး သီးခြားရှင်းပြခဲ့ပါတယ်
နောက်ထပ်ထူးခြားတာတစ်ခုက ကုသိုလ်ကောင်းမှုပြုပြီးလို့ ရေစက်ချတဲ့အခါ အသံထွက်ပြီး(ရုပ်ပျက်ဆင်းပျက်) ငိုကြတာပါဘဲ။ ဒါကိုလည်းကာယကံရှင်တွေအပါအဝင် တစ်ချို့ လာလာမေးလျှောက်ကြတယ်။ ငိုတာနဲ့ပက်သက်လို့ အကြောင်းအမျိုးမျိုးရှိမယ်ထင်ပါတယ်။ တစ်ချို့ကကိုယ်ချစ်ခင်ရတဲ့သူတစ်ဦးဦးကိုသတိရပြီး ဒီလိုကုသိုလ်မျိုးရစေချင်၊ မြင်စေချင်လို့ ငိုကြတာရှိတယ်။ (အညာဘက်ကသားရှင်ပြုအလှူပွဲတွေမှာ ကိုယ့်သားလေးကို ဘိတ်သိတ်သွန်းနေချိန်တို့ ၊ သင်္ကန်းတောင်းဆိုနေချိန်တို့ မှာမိဘတွေငိုတာကိုလည်း မြင်ဘူးတဲ့သူတွေရှိမှာပါ။) တစ်ချို့ကတော့ ဘဝါဘဝက ဆွေမျိုးတော်စပ်ခဲ့ကြတဲ့ ပရလောကနဲ့များ ဆက်စပ်လေမလားလို့ လည်းယူဆကြတယ်။
အထက်ပါမေးခွန်းရှင်တွေကို ဇင်ပုံပြင်လေးတစ်ပုဒ်ပြောပြရတယ်။ ခရီးတစ်ခုအတူတူထွက်လာတဲ့သူငယ်ချင်းနှစ်ယောက် သစ်ပင်အောက်တစ်နေရာမှာ ခဏအမောဖြေနေတယ်။ ခပ်လှမ်လှမ်းမှာ ဘုန်းကြီးကျောင်းလေးရယ်၊ ကျောင်းထိပ်ကတလူလူလွင့်နေတဲ့အလံလေးရယ်မြင်နေရသတဲ့။
“သူငယ်ချင်း .. တွေ့ လား၊ ဟိုးဘုန်းကြီးကျောင်းထိပ်မှာ အလံလေးလှုပ်ယမ်းနေတယ်”
"မဟုတ်တာကွာ ..၊ အလံကမလှုပ်ပါဘူး။ လေကလှုပ်တာပါ”
"အလံကလှုပ်တာပါဟ”
"လေကလှုပ်တာ …”

သူငယ်ချင်းနှစ်ယောက် ငြင်းခုန်ရင်းနဲ့ နောက်ဆုံး ဘုန်းတော်ကြီးဆီ အဆုံးအဖြတ်ခံဖို့ သွားလျှောက်ကြတဲ့အခါ ဘုန်းတော်ကြီးက တိုတိုလေးဘဲမိန့် လိုက်တယ်။ “အမှန်ကအလံလည်းမလှုပ်၊ လေလည်းမလှုပ်၊ သင်တို့ စိတ်ကလှုပ်နေသည်” တဲ့။
ဆာတိုးရီရယ်၊ ပျော်ရွှင်ခြင်းရယ်၊ ငိုခြင်းရယ်ဟာ တစ်ခုနဲ့ တစ်ခု ကော်နက်ရှင်တော့ရှိပုံရတယ်။သေချာတာကတော့စိတ်တွေ မလှုပ်တော့တဲ့အခါ အငိုလည်းတိတ်သွားမှာပါ။

1 comments:

Han said...

အတတ်နိုင်ဆုံး စိတ်တည်ငြိမ်မှုများရှိသည်ထက်ရှိစေရန်ကြိုးစားနေပါမည်ဘုရား ။
ကျေးဇူးပါ ဘုရား ။