Saturday, July 9, 2016




မနေ့က မြန်မာလူမျိုးဇနီးမောင်နှံနှစ်ဦး ဆာတိုးရီဝိဟာရကို ရောက်လာပါတယ်။ လှူဖွယ်ရာတွေ ဆက်ကပ်လှူဒါန်းပြီးတော့မေးလျှောက်လေး လျှောက်လာတယ်။"တပည့်တော်တို့ ဂျပန်ကို နာရီဝယ်ဖို့ ထွက်လာတာ။ အဆင်ပြေရင် (၃)နှစ်၊ အဆင်မပြေရင် (၅)နှစ်ပေါ့။ ခုတော့ ဒီကျွန်းမှာ သောင်တင်နေတာ နှစ်(၂၀)ရှိပြီဘုရား။ ဘုန်းဘုန်းဘယ်လိုမြင်ပါသလဲ" တဲ့။
နာရီဆိုလို့ လူငယ်လေးတွေနဲ့ တွေ့တဲ့အခါ ပြောနေကျ နာရီပုံပြင်လေး ပြောပြရတယ်။တစ်ခါက တောနက်ကြီးတစ်ခုမှာ ဝက်ဝံကြီးတစ်ကောင်ရှိတယ်။ တစ်ရက်တော့ ပျင်းပျင်းရှိတာနဲ့ မြို့ တက်ပြီး လျှောက်လည်အုံးမှပဲ။ နာရီလေးလည်း လိုချင်နေတာနဲ့ အတော်ပဲလို့ တွေးမိသတဲ့။ 
မနက်ကျတော့ လေလေးတစ်ချွန်ချွန်နဲ့ ကိုရွှေဝက်ဝံကြီးဟာ မြို့တက်လာတယ်။ လမ်းဘေးတစ်နေရာအရောက်မှာတော့ ပြောင်းဖူးခင်းကြီးတွေ့တာနဲ့ ဗိုက်ကလည်းဆာဆာဆိုတော့ ပြောင်းဖူးဝင်ချိုးတာပေါ့။ လက်တစ်ဖက်နဲ့ ပြောင်းဖူးတစ်ဖူးချိုးပြီး ကိုက်စားလိုက်၊ ကျန်တစ်ဖက်နဲ့ ချိုးပြီး ချိုင်းကြားညှပ်လိုက်နဲ့ ဇိမ်တွေ့နေတယ်။ ဒါပေမယ့် ပြောင်းဖူးခင်းအတွင်းထိ မျက်လုံးက ရောက်သွားတော့ သူ့လက်ထဲကပြောင်းဖူးထက်ပိုကောင်းတာတွေ ပိုတွေ့ရတဲ့အခါ ဆက်တိုးပြီး ဆက်ချိုးတာပေါ့။ ဒီလိုနဲ့ ချိုးလိုက် ချိုင်းကြားညှပ်လိုက်၊ ချိုးလိုက်ချိုင်းကြားညှပ်လိုက်နဲ့ သူ့စိတ်ထဲမှာတော့ ပြောင်းဖူးတွေ အများကြီးရနေပြီလို့ထင်နေတာ။ ဒါပေမယ့် ပထမညှပ်ထားတဲ့ပြောင်းဖူးတွေ ပြုတ်ကျကုန်တာတော့ သတိမထားမိဘူး။
ဗိုက်လည်းဝရော မြို့တက်နာရီဝယ်ဖို့ သတိရပြီး ပြောင်းဖူးခင်းက ပြန်ထွက်လာချိန် နေက အတော်စောင်းနေပြီ။အင်း...နာရီဝယ်ဖို့ အချိန်မမီတော့မယ့်အတူတူ နောက်တစ်ခေါက်မှပေါ့ဆိုပြီး လာရာလမ်းအတိုင်း ပြန်လှည့်လာခဲ့သတဲ့။ ပုံပြင်လေးက ဒီမှာတင် ဆုံးသွားပါပြီ။ ဒီပုံပြင်ထဲက ပြောင်းဖူးဆိုတာ ချိုးလို့မကုန်နိုင်တဲ့ သားရေးသမီးရေး၊စီးပွားရေး အရေးတကာ့အရေးတွေပါပဲ။ နာရီကိုတော့ “ဆာတိုးရီ”လို့ အနက်ဖွင့်လိုက်ပါတယ် ။
“ဘုန်းဘုန်းပြောင်းဖူးက ထိချက်ပြင်းတယ်ဘုရား။ ဒါပေမယ့်အမှတ်မရှိတဲ့ တပည့်တော်က (ဒကာမကြီးကို မေ့ငေါ့ပြရင်း) မြန်မာပြည်ကနေတောင် နောက်ထပ်ပြောင်းဖူးကြီးတစ်ဖူး ထပ်မှာမိလိုက်သေး ”တဲ့။ ဘာပဲဖြစ်ဖြစ် “ဆာတိုးရီ”အကောင်းစားလေးတစ်လုံးတော့ လူတိုင်းပတ်ဖူးချင်ကြမှာပါ။

1 comments:

Han said...

နာရီဝယ်ဘို့ ဘဲသတိထား ကြိုးစားပါမည် ဘုရား … _/\_ _/\_ _/\_