Saturday, July 9, 2016



(၁)
တနင်္လာနေ့ကို အများစုက ငြိုငြင်ကြမယ်ထင်တယ်။ စိတ်လက်ခန္ဓာ(၂)ရက်တာမျှ အနားယူလို့ မဝ သေးခင် ဇိမ်ကျကျနာရီတွေကို လုယူသွားတတ်သူကြီးရယ်လို့။ ဒီလိုနဲ့ တနင်္လာမနက်ခင်းတွေဟာ သူသူငါငါ ကို အလိုမတူစွာ အတင်းနှိုးတတ်တယ်။ အများစုက ရထားဆိပ်မှာ ယက်ကန်ယက်ကန် ပြေးပြေးလွှား လွှား။ ဒီမြင်ကွင်းတွေဟာ ကမ္ဘာ့ဘယ်အခြမ်းမှာပဲဖြစ်ဖြစ် ယေဘုယျဆန်တဲ့ပုံရိပ်တစ်ချို့ဖြစ်မှာပါပဲ။


(၂)
ရဟန်းတစ်ပါးအတွက်လည်း ရထားမီဖို့ရယ်၊ကျောင်းဖယ်ရီမီဖို့ရယ်အတွက်ဆို(၂၅)မိနစ်စောထွက်ရတဲ့ တနင်္လာ။တရားအမှတ်ပျောက်နေတဲ့ ခြေလှမ်းတွေနဲ့အတူ ဝတ်ရုံအသွင်ဆန်းဆန်းက နိပွန်းတွေအဖို့ ကွက်ကြည့်ကွက်ကြည့် ငဲ့စောင်းကြည့်ချင်စရာ အာရုံတစ်ပါးဖြစ်နေတုန်း။ ဒီနေ့တော့ ကံကောင်းစွာပဲ မနက်ပိုင်းကျောင်းဆင်းချိန် ကားတစ်စီးက အသင့်ကြိုနေတယ်။ အိဆဲဆာကိက ဇနီးမောင်နှံမိသားစု ဆာတိုးရီဝိဟာရမှာ နေ့ဆွမ်းကုသိုလ်တော်အတွက် ရောက်နေကြတာပါ။ သူတို့ကားနဲ့ ကျောင်းပြန် ဆွမ်းဘုဉ်းအပြီး ဆုပေးရင်း ပကတိနိဗ္ဗာန်နဲ့ ဝိကတိနိဗ္ဗာန်အကြောင်း ပြောဖြစ်တယ်။ ခဏလေးပါပဲ။ 

(၃)
(၇)လပိုင်းမှာကျင်းပမယ့် တက္ကသိုလ်ကျောင်းသားများညီလာခံမှာ (၁၅) မိနစ်ခန့် ဝိပဿနာအကြောင်း စင်ပေါ်တက်ပြောရမယ်တဲ့။ ရီဟာဇယ်နောက်ဆုံးနေ့မို့ ပြင်ဆင်မှုတွေလုပ်နေတုန်း ဖုန်းဝင်လာတယ်။ ဆရာတော်လာဖူးချင်လို့ ကျောင်းလိပ်စာ လမ်းညွှန်ပါတဲ့။ ခဏကြာတော့ ဘူတာကို သွားကြိုပေမယ့် လာရမှာက မြောက်ဘက်၊ထွက်သွားတာက တောင်ဆီ။ ရပ်စောင့်နေတဲ့နေရာမှာ ကြာကြာရပ်မိတော့ ပတ်ဝန်းကျင်က သံသယဖြစ်လာပြီး ထွက်မေးခံရတယ်။

(၄)
တစ်ရက်ကို မိနစ် (၅၀)ခန့် လမ်းလျှောက်ရင်း သာသနာပြရတဲ့ (သာသနာပြုမဟုတ်) ရဟန်းတစ်ပါးရဲ့ ဖြစ်တည်မှုဟာ ထင်သလောက်တော့ မလွယ်ပေဘူး။ ဘာပဲဖြစ်ဖြစ် လျှောက်သာလျှောက်…ခရီးများ မဆုံးသရွေ့ လျှောက်။

(မှက်ချက်)
အားနာရပါတယ်။သို့သော်လည်း ဗုဒ္ဓဘာသာဝင်တွေ တောင်းတတဲ့အကြီးကျယ်ဆုံး နိဗ္ဗာန်ဆုဆိုတာကို တကယ်တော့ လိုချင်သူ ရှားပါတယ်။နိဗ္ဓာန်အကြောင်း သေချာသိလေလေ မလိုချင်လေလေများ ဖြစ်နေမလားပဲ။ ဒါ့ကြောင့် အများစုလိုချင်တဲ့ လောကီစည်းစိမ်ဂုဏ်သိမ်စသည်ကို ပကတိနိဗ္ဗာန်လို့ ခေါ်ပြီး ဘာမှမရှိတဲ့တကယ့်နိဗ္ဗာန်ကိုတော့ ဝိကတိနိဗ္ဗာန်လို့ သတ်မှတ်လိုက်ပါတယ်။ ကဲကဲ အားလုံး ပကတိဆု ဝိကတိဆု နှစ်မျိုးလုံးပြည့်စေ၊ ပြည့်အောင်လည်း အားထုတ်နိုင်ကြပါစေ။

1 comments:

Han said...

မဆုံးခရီးများ ကိုလျောက်လှမ်းရင်း ဝိကတိနိဗ္ဗာန် ကိုရည်မှန်းပြီး ကြိုးစားအားထုတ်ပါမည် ဘုရား …
_/\_ _/\_ _/\_