Monday, May 2, 2016

(က)
စာသင်ခန်းအသွား မြို့ပြဘူတာရုံလေးတစ်ခု၏ အနီးတစ်ဝိုက်တွင် ဟိုနားဒီနား စုစုစုစုနှင့် အလယ်တန်း ကျောင်းသူ၊ကျောင်းသားတစ်သိုက်ကို တွေ့လိုက်ရသည်။ စာသင်ခန်း ပြင်ပက သင်ခန်းစာတစ်ရပ်ကို သူတို့လေးတွေ လေ့လာစူးစမ်းနေကြခြင်းပင်။ ဒီနေ့အဖို့ သင်ကြားစရာဘာသာရပ်အနေဖြင့် မိမိတို့မြင်ကွင်းထဲ ရောက်လာသမျှ အာရုံတစ်ချို့ကို ဖမ်းဆုပ်ပြီး လွတ်လပ်စွာ ပန်းချီရေးကြရခြင်းဖြစ်သည်။ ဘယ့်ကလောက် ကောင်းမွန်လှ ပသည့် Education ပါနည်း။

(ခ)
ကလေးတစ်ချို့က သူ့ကိုမြင်တာနဲ့"မင်္ဂလာပါ" အဓိပ္ပါယ်ရသော စကားဖြင့် ချိမြိန်စွာ နှုတ်ဆက်ကြသည်။ခပ်ရဲရဲ ကျောင်းသားတစ်သိုက်ကမူ “ဝိုး... လှလိုက်တဲ့ဝတ်စုံပဲ။ ပန်းချီထဲ ထည့်ဆွဲမယ်နော်” တဲ့။(ရဟန်းတစ်ပါးရဲ့အသရေတော်နှင့်အတူ ယနေ့အထိ ခေတ်မီနေ သေးသော မြတ်ဗုဒ္ဓရဲ့ ယင်းဖက်ရှင်သည် မြင်ရသူအဖို့ နှစ်ခါပြန်ငေးကြည့်ရသည်အထိ ထူးခြားပေါ်လွင်နေတတ်သည်) ။ကျောင်းသားအများစုကမူ “ ကြိုးစားနော်၊ အားပေးနေတယ်” တဲ့။ လာလာချည်သေး သူတို့က တမူးသာလို့။

(ဂ)
စိတ်ကူးတည့်ရာ ပန်းချီရေးနေကြသည့် မောင်မယ်လေးများကို ကြည့်ရင်း သူ့ငယ်ဘဝဆီ အတွေးများက ပြန်ရောက်သွားသည်။ သူတို့လေးတွေ အရွယ်တုန်းက အတန်းထဲ ပုံဆွဲမိ၍ လက်ဆစ်ခေါက်ခံရဖူးသည်။ မှတ်မှတ်ရရ ပထမဆုံး ရေးခဲ့ဖူးသည့်ပုံလေးမှာ စစ်သူကြီး မဟာဗန္ဓုလ၏ ဓားရှည်ကြီးမြှောက်ပြီး မြင်းစီးဟန်ရေးပြနေသည့်ပုံဖြစ်သည်။ သူ့ဗီဇကို သတိပြုမိသော အကိုတော်က ရောင်စုံခဲတံဗူးလေးတစ်ခု ဝယ်ပေးခဲ့ဘူးသည်ကို ယနေ့ ထိ မမေ့သေးပေ။ ကိုယ်ယုံကြည်ရာ စူးစမ်းခွင့် လေ့လာခွင့်ရသော ကျောင်းများ ရွှေပြည် ကြီးတွင်လည်း အမြန်ဆုံး ထွန်းပပါစေဟုသာ…။

(ဃ)
カウンセリング ခေါ် ကောင်းဆဲလ်လင်းနှင့် ပက်သက်ပြီး ဆွေးနွေး အကြံပြုလမ်းညွှန် ရသည့် ဘာသာတရားများ၏ အခန်းကဏ္ဌကို ဆရာက ပို့ချနေသည်။ ယနေ့ခေတ် ဘာသာအယူဝါဒအသီးသီး၏ အာပတ်ဖြေခြင်းသည်လည်း ကောင်းဆဲလ်လင်းတစ်မျိုးပဲ ဖြစ်မည်ထင်သည်။ မိနစ်(၃၀) ပို့ချပြီးနောက် မေးခွန်းများကို တစ်ခုချင်းစီဖြေပေးနေ သော ဆရာက သူ့ကို ပွဲထုတ်ရင်း ရုတ်တရက် မေးခွန်းတစ်ခုကောက်မေးလိုက်သည်။ “ဘဝကို ဘယ်သူဖန်တီးသနည်း” တဲ့။ သူ့အဖြေက တစ်လုံးထဲရယ်။ ဆန်စခရစ်လို “ Avidyā” ပါဠိလိုတော့ အဝိဇ္ဇာပါပေါ့။ အံ့သြမှင်သက်မှု မျက်ဝန်းများစွာထဲမှ နားမလည်မှုကို သူ ရှာတွေ့လိုက်သည်။

(င)
သူမှအပ တစ်တန်းလုံး ဂျပန်လူမျိုးများသာရှိသော စာသင်ခန်းထဲတွင် အခွင့်အရေးတစ်ခု ကို အရယူလိုက်သည်။ “မျက်မှောက်ခေတ်လူ့အဖွဲ့အစည်းထဲက ဂျပန်လူမျိုးတွေရဲ့ ယုံကြည်ကိုးကွယ်မှုဟာ ဘာများဖြစ်မလဲ ၊ အထူးသဖြင့် အကြောက်တရားတွေ ကြီးစိုး နေတဲ့အချိန်မှာပေါ့” ။ ထိုအခိုက် ထွက်ပေါ်လာသည့် ကျောင်းဆင်းခေါင်းလောင်းထိုးသံ သည်ပင် ခါတိုင်းလို လှုပ်လှုပ်ရွရွ ပုတ်နှိုးနိုင်စွမ်းမရှိတော့ပေ။

ရှင်မားရု
၀၂၀၅၂၀၁၆

4 comments:

Han said...

“ဘဝကို ဘယ်သူဖန်တီးသနည်း”
“အဝိဇ္ဇာပါ”
ကျေးဇူးပါဘုရား …။
ဗဟုသုတတွေ အတွက်ပါ ကျေးဇူးပါ ဘုရား …။

Thuta said...

ရဟန်းတို့ ရဲ့အိနြေ္ဒမှာရှားညိုရောင်သင်္ကန်းပေါင်းလိုက်တော့ ပိုပြီးတင့်တယ်လှပါ၏ ဘုရား …။

Win Win Yee said...

မှော်ခဲဖျက်လေးဆောင်ထားပြီးပြီလားဘုရား၊

Unknown said...

ဘလော မှာ နေမကြတ်သေးပါလား :)