Sunday, February 7, 2016


(က)
"သား မင်းကို ငါစိတ်ပျက်လာပြီ၊ ခုထိ မိုးပေါ်မပျံတတ်သေးဘူး၊ ဦးသိန်းငှက်ရဲ့သားကို ကြည့်စမ်း။မိုးပေါ်ပျံတာ သိပ်ကျွမ်းတယ်။ အဖေ့တုန်းက မဖြစ်ခဲ့တဲ့ အိပ်မက်ကို မင်းကို ဖြစ်စေချင်တယ်။”
"သား…တောင်းပန်ပါတယ်၊ ကြိုးစားပါ့မယ် အဖေ “
(ခ)
အဲဒီဝါကျတွေ အတိအကျပါတဲ့ ကာတွန်းလေးကို ဖတ်ဖူးကောင်းဖတ်ဖူးပါလိမ့်မယ်။ဖခင်ဖြစ်သူ ဆင်ကြီးက သူ့သားငယ် ဆင်ပေါက်လေးကို အားမလိုအားမရ ဆုံးမနေတဲ့ပုံပါ။ မိဘရယ်မှမဟုတ်ပါဘူး။ နယ်ပယ်အသီးသီးမှာ ဒီလိုဖြစ်စဉ်တွေဟာ သမားရိုးကျတောင်ဖြစ်လို့နေပါပြီ။ ကိုယ့်တုန်းက မဖြစ်ခဲ့တဲ့ အနာဂတ်တွေကို ကိုယ်နဲ့ ဆက်စပ်သူတွေကို ဖိအားပေးပုံသွင်းဖို့ ကြိုးစားနေကြတာတွေ။ “အဖေ့ထက် သားတစ်လကြီးတာကို မြင်ချင်တာ”ဆိုတဲ့ ရည်ရွယ်ချက်အကြောင်းပြချက်တွေက သူတို့ဘက်က ကြည့်ရင်တော့ မှန်သလိုလို။
(ဂ)
လောကကြီးအကြောင်း ဘာမှမသိသေးတဲ့ လေးနှစ်သားအရွယ် ကလေးငယ်တစ်ဦးဟာ ကျောင်းအိပ်ကျောင်းစားနဲ့ ဘဝတစ်လျှောက် ဖြတ်သန်းခဲ့ရတယ်။ အထိုက်အလျောက် ပြည့်စုံတဲ့ မိဘနှစ်ပါးရှိလျက်နဲ့ (မိဘကလည်း ချစ်ပါလျက်နဲ့) ရင်ခွင်ငတ်သွားရတဲ့အခါ အဲဒီကလေး အနာဂတ်ဟာ ဘယ်လိုဖြစ်လာမလဲ။ ရှင်းပါတယ်။ မွေးရာပါ ပင်ကိုယ်ဉာဏ် ဘယ်လောက်ကောင်းကောင်း စိတ်ပိုင်းဆိုင်ရာမှာတော့ အနာဖြစ်သွားပါပြီ။ တစ်ခုခုဆို ဝမ်းနည်းလွယ်တတ်တာ၊ အားငယ်စိတ်ဖြစ်တတ်တာတွေဟာ အဲဒီကလေးရဲ့ အမှတ်အသားတစ်ချို့ပါပဲ။ဆန္ဒနဲ့ဘဝဆိုတဲ့ ဝေါဟာရဟာ အနာကျင်ဆုံး အရှိုးရာတွေပေါ့။ အဲဒီနာကျင်မှုအတွက် သောက်ဆေးဟာ အောင်မြင်မှုအပိုင်းအစတစ်ချို့တဲ့။
(ဃ) 
သေရာပါ side-effect တွေနဲ့ ကလေးတစ်ယောက် သူ့ကိုယ်သူပျောက်ဆုံးသွားတာ ဘယ်သူမှ သတိမမူမိဘူး။(၇)ကြိမ်လဲရင် (၈)ကြိမ်ပြန်ထဆိုတဲ့ အဆိုအမိန့်တွေဟာ ဖွံ့ဖြိုး စအရွယ်မှာတင် ပျက်စီးသွားခဲ့တာ။ ဘာဖြစ်ချင်လဲလို့ မေးခံရတဲ့အခါတိုင်း နောက်ဆက်တွဲ ကန့်သတ်ချက်တွေက အမြဲကပ်ပါလာတော့ ဘာကိုမှ မဖြစ်ချင်တော့လောက်အောင်ပါပဲ။သင့်ပတ်ဝန်းကျင်မှာ ကျောင်းစာညံ့တဲ့ ကလေးတွေ၊ သို့မဟုတ် ကျောင်းစာတော်ပြီး လူတောမတိုးတဲ့ ကလေးတွေ ရှိနေရင် ဘာဖြစ်ချင်လဲကလေးလို့ လေးလေးစားစား မေးကြည့်ဖူးပါသလား။ တစ်ခါလာလည်း ဆရာဝန်ကြီး၊ တစ်ခါလာလည်း အင်ဂျင်နီ ယာကြီးဆိုတဲ့ အနာဟောင်းတွေ လျက်မယ့်အစား သူတို့လေးတွေ စိတ်အားထက် သန်မှုကို ရှာဖွေစောင့်ကြည့်ပေးရင် သိပ်ကောင်းမှာပဲ။
(င)
လူ့လောကအကြောင်း ဂဃနဏမသိပဲ ဆရာလုပ်တယ်လို့ မထင်စေချင်ပါ။ တစ်ခြားရှု ထောင့်ကနေ ကြည့်တဲ့အခါ မတူညီတဲ့အမြင်တွေရှိမယ်ဆိုတာလည်း လက်ခံပါတယ်။ ဒါပေမယ့် ဟောဒီ့ကမ္ဘာကြီးထဲမှာ ကိုယ့်ကိုယ်ကို ပျောက်ဆုံးသွားတဲ့ ကလေးငယ်တွေရဲ့ ကိန်းဂဏန်းဟာ တဖြည်းဖြည်း တိုးလာနေပါတယ်။ အိမ်နီးချင်းအိန္ဒိယနိုင်ငံမှာကိုပဲ ဆယ်တန်းဂေဇက်ထွက်တဲ့နေ့ဆို ပျောက်ဆုံးသွားတဲ့ကလေးအရေအတွက်ဟာ တစ်နှစ်ကို သိန်းဂဏန်း ရှိပါတယ်။ သင့်အထင် မှန်သွားပါပြီ။ အပေါ်က ပျောက်ဆုံးသွားတဲ့ကလေးငယ်ဟာ သူကိုယ်တိုင်ပါပဲ။

ရှင်မားရု

၀၆၀၂၂၀၁၆

1 comments:

Han said...

အချို့ ကလေးတွေကလည်း မိဘတွေရဲ့ ရည်ရွယ်ချက်ကိုနားမလည်တော့
ကိုယ်ထင်ချင်ရာထင်တာတွေလည်းရှိတတ်ပါတယ် ဘုရား … ။