Friday, February 26, 2016

အတ္တမျိုးနွယ်စုဟာ
အနတ္တနဲ့ ဆွေမျိုးမကင်းကြောင်း
အပေါက်အပြဲများတဲ့ညကို ပြောမိတယ်
စတာ့ဘဂ်ကော်ဖီကြိုက်သလောက်
စတာ့ဘဂ်ကော်ဖီဆိုင်ရှေ့ ဖြတ်မလျှောက်သလို
ညစ်ထေးထေး အိပ်မက်တွေကို သံယောဇဉ်ဖြတ်ချင်ခဲ့တာပါ
သိက္ခာအိုကြီး မနိုင်မနင်းထမ်းရင်း
လူထူထူထဲ လျှောက်သွားနေမိသူဟာ အတ္တလား
အခြားလား
ကမ္ဘာတစ်ခြမ်းမှာ မီးတွေဝိုင်း
ကမ္ဘာတစ်ဝက်မှာက နှင်းရိုင်းတွေနဲ့ရယ်
ဝဋ်ကြွေးမကျေသေးတဲ့
ငါတို့မြေပုံဟာ တဗြစ်ဗြစ်နဲ့ ကုတ်ခြစ်ခံနေရတုန်း
သတိ…မကျုးကျော်ရ (၃၁) ဘုံ ကင်းစင်မြေတဲ့
ဂူဂဲလ်နာဗီကို ကလစ်လိုက်တဲ့အခါ
ဝေဒနာတွေဟာ မြန်မာပြည်က မရွေ့ဘူး။

1 comments:

Han said...

အဲ့ဒီ (၃၁)ဘုံ ကင်းစင်မြေကို ရောက်ဖူးတယ်ရှိအောင်သွားချင်သား
ဗီဇာရရင် … :)