Thursday, July 23, 2015


(က)
ကပေါက်တိကပေါက်ရှာ
ဘုရားစာတွေနဲ့ 
သားအတွက် ဘုရားစင်ရှေ့ ထိုင်နေတုန်းလားအမေ
“ညောင်းလိုက်တာ” လို့ တစ်ခါငြီးတိုင်း
အသက်အရွယ်ထောက်ပေမယ့်
အမေ့လက်တွေ ပေါက်တဲ့အထိ
“ဂျွတ်”  ကနဲ မြည်အောင် နှိပ်ပေးခဲ့တာ
လွမ်းလွန်းလို့ပါအမေ 
သား…နေကောင်းပါရစေ..။

(ခ) 
ခုတလော မြန်မာပြည်ရဲ့ အစိုးရလူကြီးမင်းများ ကျန်းမာရေးသတင်း လူမှုကွန်ယက်ပေါ် ဆက်တိုက် တက်လာနေသည်။ လောကထုံးစံ ပျော်သူရှိသလို စိတ်မကောင်းဖြစ်ကြသူလည်း ရှိမည်ဧကန်။သေချာ တာကတော့ ပါဝါရှိသူဖြစ်စေ၊ မရှိသူဖြစ်စေ နေမကောင်းထိုင်မသာ ဖြစ်ကြပြီတဲ့ဆိုရင် အားငယ်စိတ်ဝင် ကြတာ သဘာဝတစ်ခုမလား၊ ဗုဒ္ဓစာပေထဲမှာ နတ်တို့သနင်း ကိုရွှေသိကြားမင်းတောင်မှပင် ဝတ်လဲ တော်ပုဆိုး ညှိုးရော်သွားတာနဲ့တစ်ပြိုင်နက် ဆောက်တည်ရာမရ ဖြစ်ခဲ့ဖူးသည်ပဲ။

(ဂ)
(၂၀၀၉) ခုနှစ်ကတည်းက ပြည်ပနိုင်ငံတွေမှာ ပညာသင်ရင်း၊လက်လမ်းမှီရာတာဝန်လေးတွေ ထမ်းရင်း နေထိုင်လာခဲ့ရာမှ ဂျပန်ရောက်မှပင် ပထမဆုံး နေမကောင်းထိုင်မသာ ဖျားပါလေတော့သည်။ မိသားစုဝင်တွေနဲ့စကားပြောဖြစ်တိုင်း” ပြည်ပမှာဆို လုံးဝမဖျားဘူးဗျ။ ဓာတ်တည့်တယ်” ဟု အမြဲပြောဖြစ်ခဲ့သည်အထိ သူ့ကျန်းမာရေးက စိတ်ချရသည်။ ဖျားပြီဆိုမှတော့ ထုံးစံအတိုင်း အား ငယ်သည်ပေါ့။ သူလည်းလေ လောကီသားမဟုတ်လား။

(ဃ)
ငယ်ငယ်တုန်းကတော့ အိပ်ယာထဲ ဗုန်းဗုန်းလဲပြီဆိုတာနဲ့ အမေက ပျာပျာသလဲ ပြုစုသည်၊ သူတတ်သလောက် ဘုရားစာတွေလည်း အမြီးအမောက်မတည့် အသံထွက်က မမှန် နန်းစတော့ ရွတ်တော့သည်။ မိဘမေတ္တာကြောင့်ပဲလား မသိ၊ အမေဘုရားစာရွတ်ပြီး ပြုစုတိုင်း အဖျားကျသွားတတ်သလို ပိုပြီး နွေးထွေးလုံခြုသွားတတ်သည်။ အရွယ်ရောက်လာတော့ အမေ့ကိုယ်စား အန်တီစန်းက အစစအရာရာ တာဝန်ယူ စောင့်ရှောက်ပေးပြန်တော့ ကျန်းမာရေးနဲ့ ပတ်သက်ရင် ဘာဆို ဘာမှ ပူစရာမလို။ အန်တီစန်းရဲ့ ဆေးထိုးအပ်နဲ့ သူ့တင်ပါး အာရုံအာရမ္မဏိက မကျခင်မှာပဲ ရောဂါမှန်သမျှ လွင့်စင်သွားတဲ့အထိ အစွမ်း ထက်လှသည်။ 

(င)
ကိုယ်တစ်ကယ် နေမကောင်းထိုင်မသာ ဖြစ်တော့မှ အသက် (၇၀) ကျော် မိဘနှစ်ပါးကို ကိုယ်ချင်းစာမိသည်။ သူတို့နေမကောင်းဖြစ်တဲ့အခါ သူ့လိုပဲ အားငယ်နေမလား၊ အဝေးက သားငယ်ကို သတိတွေ ရနေမလားဆိုတာကိုဖြင့် ဆက်လို့တောင် မတွေးရဲတော့။ အသက် (၃၀) စွန်းပြီးတဲ့ သားတစ်ယောက် အနေနဲ့ မိအိုဖအိုတွေကို ကျေးဇူးဆပ်ဖို့နေနေသာ ရံဖန်ရံခါ မျက်ရည်ကျအောင်ပင် ပြောဆိုမိခဲ့သည့် အခါများ ရှိခဲ့ဖူးသည်။ ခုကော အမြင်မှန်ရနေပြီလား ?သူ့ကိုယ်သူ ပြန်မေးကြည့်မိတော့ အဖြေထွက် မလာသေး။ သေချာတာကတော့ တောင်ရောက်မြောက်ရောက် အမေ့ဘုရားစာတွေကို လွမ်းလို့နေသ လို၊ အန်တီစန်းရဲ့ ဆေးထိုးအပ်ရာကိုလည်း ယောင်ယောင်ပြီး စမ်းကြည့်နေမိပါသည်။ သြော်…”.ခလုတ်ထိမှ အမိတ” တတ်သည့် လူ့အတ္တများပါတကား..။

ရှင်မာရု
၂၃၀၇၂၀၁၅

1 comments:

Han said...

အမြန်ကျမ္မာပါစေဘုရား … _/\_ _/\_ _/\_