Friday, June 12, 2015


(က)
“တရားတတွတ်တွတ်ဟောတတ်တဲ့ ကြယ်ကလေးတွေကြောင့် မြစ်ဟာ ပင်လယ်ဆီမသွား တော့ဘူးလို့ ဆုံးဖြတ်လိုက်တာ။” 
သူက တစ်ယောက်ထဲ ရေရွတ်ရင်း ပြောတော့ ခပ်လှမ်း လှမ်းမှာ အစာရှာနေတဲ့ တီကောင်က ထရယ်တယ်။ ခင်ဗျားတို့ လူတွေဟာ တော်တော့်ကို အူကြောင်ကြားနိုင်တဲ့ သတ္တဝါတွေပဲလို့ ပြောချင်ပုံရတယ်။ စွန့်စားမှုဆိုတာ ဖာဂီကြီး ပြောသလို လရောင်အောက်မှာ လမ်းလျှောက်ရတာမျိုးမှ မဟုတ်တာလို့ ဆက်ရှင်းပြမနေ တော့ပါဘူး။ ပြီးတော့ သိက္ခာပုဒ်တွေနဲ့ လေးတွဲမနေတဲ့ ကြယ်ကလေးတွေကို ငေးရင်း မြစ်ကမ်းနံဘေးမှာ ထိုင်ချလိုက်တယ်။
(ခ)
ဘဝမှာ အကြိမ်တော်တော်များများ လူဖြစ်လိုက်၊ မြစ်ဖြစ်လိုက်နဲ့ စီးဆင်းခဲ့ရဖူးတယ်။ခု ထိလည်း စီးဆင်းနေရတုန်းပဲ။ ကံကောင်းတာက သူ့ရဲ့ ရဲဘော်ရဲဘက် ကြယ်ကလေးတစ်သိုက်ဟာ အသားအရောင် မခွဲခြားဘူး။ သူတို့မှာ အမျိုး ဘာသာ သာသနာဆိုတာ မရှိဘူး။ သူငိုရင် လိုက်ငိုပေးသလို၊ သူရယ်တဲ့အခါ သူတို့အပြုံးလေးတွေလည်း လင်းလက်နေ တတ်တယ်။ ခင်ဗျား အဲသလိုတော့ မကြည့်ပါနဲ့။ မြစ်တွေလည်း အာသဝေါကုန်သေးတာ မှ မဟုတ်ပဲ။ ဘဝရဲ့ အဆုံးစွန်သော အမှောင်ညတွေရောက်တိုင်း ကြယ်တွေပြောပြတဲ့ အဘိဓမ္မာကို (လူကြီးမင်းကိုလည်း) နားထောင်စေချင်လိုက်တာ။
(ဂ)
မြစ်နဲ့ ခပ်လှမ်းလှမ်းမှာ (၂၄) နာရီဖွင့်ထားတဲ့ မီနီစတိုးဆိုင်လေးရှိတယ်။ လင်းနေပေမယ့် လရောင်နဲ့ မသက်ဆိုင်သလို နေတတ်တယ်။ ဆံပင်တွေ အရှည်မြန်လာတဲ့ နေ့ရက်တွေ ကလွဲရင် သူနဲ့လည်း သိပ်တော့ မသက်ဆိုင်ပါဘူး။ညဆိုင်းလုပ်ငန်းခွင်ဝင်ကြတဲ့ ဝန်ထမ်း တစ်ချို့ကတော့ သူတို့ရဲ့တစ်ခါသုံး ညစာကို အဲဒီဆိုင်လေးမှာပဲကြုံသလိုဖြေရှင်းကြတယ်။
“ထမင်းလက်ဆုံ” ဆိုတဲ့ ခမ်းနားမှုစစ်စစ်တွေ မိသားစုတစ်ချို့ရဲ့ ထမင်းစားပွဲမှာ ပျောက်ရှ ကုန်ပြီလား..။ “သင် စားသုံးနေသော ထမင်းဆီဆမ်း၏ ကုန်ဆုံးရက်စွဲမှာ အရိမေတေ္တယျ ဘုရားရှင်လက်ထက်ထိတိုင်ဖြစ်သည်” လို့ အယောက်စီတိုင်းရဲ့ စာမျက်နှာတွေကိုလောဘတကြီး ဖတ်ချင်နေသေးတာ။လောဘတကြီးပဲ နောက်တစ်ကြိမ် ကြယ်တွေကို မော့ကြည့်မိပြန်တယ်။
(ဃ)
“ကြယ်တွေဟာ ပိန်းပိတ်အောင်မှောင်လေလေ ပိုလှလေပဲနော်” 
ဒီတစ်ခါတော့ တီကောင်ဆီက ဘာသံမှ ထွက်မလာတော့ပါဘူး။ သူ သဘောပေါက်လိုက်ပါပြီ။ထိုင်နေရာက ရုတ် တရက် ထပြီး အမှောင်ထဲ ပြေးဝင်သွားတဲ့ လူတစ်ယောက်။ ပြီးတော့ ဆုံးဖြတ်ချက်တွေနဲ့ မြစ်တစ်စင်း။ သိစိတ်ဟာ အမှောင်ကို ထိုးခွဲပြီး စီးဆင်းနေတယ်။ ဘဝရဲ့ အစလို့ ထင်မှား နေတဲ့ ခဏတွေ၊ သံသရာမြက်ခင်းစိမ်းဆီက လျှံတက်လာတဲ့ အသံတွေ နောက်မှာ ကျန် ခဲ့ပြီ။
နောက်တစ်နေ့ထုတ် သတင်းစာတွေမှာ ပင်လယ်ဆီ မသွားတော့တဲ့ မြစ်အကြောင်း ပါလာရင် ကိုယ့်ကိုယ်ကို ပြန်မေးကြရအောင်လား။ ငါ့ရှင်ဟာ လူလား၊ မြစ်လား၊ ဒါမှမ ဟုတ် အခြားလားဆိုတာ..။

ရှင်မားရု
၁၂၀၆၂၀၁၅

4 comments:

Han said...

“ကြယ်တွေဟာ ပိန်းပိတ်အောင်မှောင်လေလေ ပိုလှလေပဲနော်”
ဆိုသလို …
အရှင်ဘုရား မတွေးအရေးတွေ ကလည်းတစ်ပုဒ်ထက် တစ်ပုဒ် ပိုပိုပြီး လှနေတော့တာပါ ဘုရား …။

Han said...

အရှင်ဘုရား အတွေးအရေးတွေ ကလည်းတစ်ပုဒ်ထက် တစ်ပုဒ် ပိုပိုပြီး လှနေတော့တာပါ ဘုရား …။

Lin said...

ဒီတစ်ခါတော့ တီကောင်ဆီက ဘာသံမှ ထွက်မလာတော့ပါဘူး။

Thuta said...

တပည့်တော်က တီကောင် ဘုရာ့
:P