Monday, May 25, 2015



(က)
ဒီနေ့ ဇာတ်ကောင် သုံးယောက် စကားပြောဖြစ်တယ် ။ လက်ရှိ ကျရာဇာတ်ရုပ်ကို ပီပြင်အောင် ဘယ်လို သရုပ်ဆောင်နေရတယ်ကနေ အမှားအမှန်အကြောင်းတွေဆီ ရောက်သွားတယ်ပေါ့။ "အမှားအမှန်ဆိုတာ စာသင်ခန်းထဲက အယူအဆတွေထက်  မင်းတို့စိတ်ထဲကအတိုင်းပဲ "လို့ သူက ထပြောတော့ ကျန်တဲ့ဇာတ်ကောင်တွေက လိုက်မမီဘူးဆိုပြီး ဆေးထိုးတယ်။ ကိုအံ့ကျော်ကြီးဟာ အမြဲတမ်းလူဆိုးလို့ သေတဲ့အထိ အထင်ခံရတာကိုကော သဗ္ဗေသတ္တာ ကမ္မဿကာ လို့ ဆိုမလား ။

 (ခ)
တစ်ယောက်က အဝေးကြီးကနေ လှမ်းပြောတယ်။ တကယ်တော့ တို့ဘဝတွေက အကောင်းမြင်ဖို့ ထက် အရှိအတိုင်း မြင်တတ်ခဲ့တာမို့ နည်းနည်းတော့ ပင်ပန်းခဲ့တာအမှန်ပဲ။ အရမ်းလှတဲ့ မွေးနေ့ ကိတ်လေးတစ်လုံးအပေါ်တောင် “ အာဟာရေ ပဋိကူလ သညာ “ နေကြရတာလေ။ မမှားမှန်း သိ ပေမယ့် အမှန်လို့ လက်မခံချင်တော့လောက်အောင် မောနေပြီတဲ့။ ပြောပြီးပြီးချင်း ခပ်တည်တည် ပဌာန်းထရွတ်တော့တာပဲ။ 

(ဂ)
တရားရွတ်သံကြားမှ အတွေးထဲ ဂဏန်းတွေ ကန့်လန်ဝင်လာတယ်။ ပြိုမှာစိုးလို့ ပုန်းတာလားပေါ့။လူတွေဟာ တစ်ခုမဟုတ်တစ်ခု ဘဝမှာ မလုံမခြုံ ဖြစ်ဖူးကြတာချည်းပဲ။ ဘာသာတရားနဲ့ ဘယာန ကဟာ ခွဲမရဘူးလို့ ပြောရင် ဒီက စာသင်ခန်းတွေဆို ကော်မန့်တွေ ပလူပျံလာမှာပဲ။ သူကကောတဲ့လုံမှာစိုးလို့ ပြို၊ ပြိုပါများတော့ ပြုံးတတ်လာတယ်။

(ဃ)
ခပ်ကြမ်းကြမ်းရုပ်ခံရှိတဲ့ ဇာတ်က​ောင်ကတော့ ထူးထူးဆန်းဆန်း အပြုံးအကြောင်း စလာတယ်။ အဟုတ် ရယ်ရပါတယ်။ခုတလော ရေပန်းစားနေတဲ့ မိုးဂျိ(Mooji)ရဲ့မျက်ဝန်းတွေကို အားကျလို့တဲ့။ မျက်ဝန်းဆိုလို့ မင်းသမီးချော Megan Fox (မီဂန်ဖော့က်စ်) နဲ့ မရောထွေးလိုက်ပါနဲ့။ မိုးဂျိဆိုတာ အသားမဲမဲ ဆံရှည်ရှည် တရားသမားအဖိုးကြီးပါ။ ဓာတ်ပုံတစ်ပုံ ဒေါင်းလုဒ်ဆွဲပြလို့ အဖိုးကြီးမျက် နှာနဲ့ တည့်တည့်တိုးသွားတယ်။ ဟုတ်ပ။ တည်လွန်း၊ ထည်လွန်းတဲ့ သူ့မျက်နှာကြီးတောင်အအေး ဓာတ်တွေ ကူးစက် ပြုံးဝေလို့..။

(င)
Game Over ကို နတ်ဆိုးဘာသာနဲ့ ဘယ်လိုရွတ်ရမယ်မသိ။ ပထမဆုံး ရိုလာကိုစတာစီးဖူးတော့မှ  ထင်သလောက် သတ္တိမကောင်းမှန်း ရိပ်မိတယ်။ ဘဝမှာ မလုပ်ဖူးတဲ့ အရာတွေထဲကမှ ဂိမ်းတွေ ဟာ ပထမဆုံး စာမျက်နှာပါပဲ။ ရုတ်တရတ် ဆဲလ်ဖုန်းကနေ ငလျင်လှုပ်နေကြောင်း Emergency Alert  ထမြည်တယ်။ ဒါဟာ သေမင်းတမာန်ဂိမ်းနဲ့ ခပ်ဆင်ဆင်တူသလားလို့။ ပြောလက်စ စကား ကို ရပ်ပြီး မှတ်စုထဲမှာ Death Noted လို့ ထင်းထင်းကြီး ချရေးလိုက်တော့တယ်။ ဘာပဲပြောပြော ဒီနေ့ကတော့ လှနေတော့မှာ…။

ရှင်မားရု

၂၅၀၅၂၀၁၅

3 comments:

Han said...

ကိုအံ့ကျော်ကြီးက ကောင်းလွန်လို့ဂုဏ်ပြုခံရသူပါ။
(ဟိုဗုဒ္ဓဟူးနာမ်နဲ့စတဲ့မင်းသားဆို လူဆိုးပုံပေါက်နေတာ)
မမှားမှန်း သိ ပေမယ့် အမှန်လို့ လက်မခံချင်တော့လောက်အောင် မောနေပြီ။
တပည့်တော် ကတော့ ပြုံးရမှာပျင်းလို့ ကိုအံ့ကျော်မျက်လုံးကြီးငုားပြီးကြည့်ပစ်လိုက်တယ်။
သူတကာပြောတဲ့အပြုံးအကြောင်း ? စိတ်မဝင်စားဘူးရယ် ။
Game Over = Beautiful Days … :)

Lin said...

အရှင်ဘုရား ရေးသားခဲ့တဲ့စာတွေဖတ်ခွင့်ရတဲ့ နေ့တိုင်းဟာ လှပနေတော့တာပါဘုရား …။

Thila said...

လှုပ်နေလည်းလှနေတာဘဲ ဘုရား … :P