(က)
‘' ဘဝဟာ ဘီယာလိုပဲ
လောင်းထည့်လိုက်သမျှ ပြန်ထုတ်ရတာဓမ္မတာ”
(ခ)
တိုကျိုမြို့၏ နာမည်ကြီးဘူတာတစ်ခုရှေ့တွင် အဆိုပါ ကြော်ငြာကို
ငေးကြည့်ရင်း အတွေး များ ခရီးထွက်သွားသည်။
သူ့ဘဝနာမ်ခန္ဓာကြီးထဲ လောင်းထည့်မိသည့်အရည်များက မနည်းလှ။
ဝေဒနိကမြစ်ရေများ၊ အတ္တချော်ရည်များ၊ ဒုက္ခပျားရည်များ၊
တစ်ချို့က ပျော်ဝင်လွယ်သလောက် တစ်ချို့ကမူ
စေးကပ်ကပ်နိုင်လွန်းလှသည်။ လောင်းထည့်သမျှ ပြန်ထွက်မလာသေးသည့်
အရည်များလည်း စိတ်နံရံတစ်ဝိုက် တွဲခိုတိုက်စားတုန်း။
(ဂ)
မေလသည် ပူသော အခြင်းအရာလျှင် အဦးအစပြု၏။ တစ်ရာသီလုံး
ခြေစွပ်နှင့် ရှူးဖိနပ် စီးလာရာက ညှပ်ဖိနပ်ကို ပြောင်းစီးသည်။
(ရန်ကုန်မှ တကူးတက သယ်လာပေးသော အလှူရှင်များ စိတ်လက်ဝန်တာ
ပေါ့ပါးစေကြောင်း အာသီသပြု၏) ခရီးများ အဆုံးထိ မရောက်တောင်
ရောက်နိုင်သမျှ ဝေးဝေးလံလံ သွားလိုလှသော်လည်း ဥပါဒါန်ဖိနပ်ကား
ထင်သလောက် မပါး။ ဖိနပ်ကို ငုံ့ကြည့်မိတိုင်း
ရှက်စနိုးဖြစ်ရသည်မှာ အခါခါ။ "အစ္စယော မံ အာဝုသော " ပါ
ကျေးဇူးရှင်တို့။
(ဃ)
မကြာခဏ မက်တတ်သော အိပ်မက်တစ်ခုရှိသည်။ ခြေထောက်များက
မဟာပထဝီနှင့် မထိ။ မြန်သလောက် မြင့်သည်။ မြေပြင်ပေါ်မှ
လူတစ်ချို့ကား ကျွက်စိကျွက်စိ။ (တစ်ယောက်စ နှစ်ယောက်စ)
မီလိုမီငြား ပြေးလိုက် လာကြသည်။ ထုံးစံအတိုင်း အိပ်မက်က
နိုးလာတော့ ကမ္ဘာမြေဆွဲအားများက ပုံမှန်ပင်။ မိတ်ဆွေအား
တောင်းပန်လိုသည်မှာ မနက်ခင်းတစ်ချို့တွင်
ငိုနေသူတစ်ယောက်ယောက်ကို တွေ့ပါက “ ပြန်အိပ်ဖို့သာ
ပြောပေးပါ”.။
(င)
ငယ်ငယ်က နေမကောင်းဖြစ်တိုင်း ဘုရားကို သတိရ၏။ ကြီးလာတော့
ဘုရားကို သတိရ တိုင်း နေမကောင်းဖြစ်ရ၏။ကြော်ငြာဆိုင်းဘုတ်ကို
နောက်တစ်ကြိမ် ပြန်မော့ကြည်မိ သည့်ခဏ မြတ်ဗုဒ္ဓ၏ အဘိဓမ္မာကို
ရှာတွေ့သွားသည်။ “အယ်လ်ကိုဟော ပစ္စယာ အဝိဇ္ဇာ “နှင့်
ထိုထိုအာဝေနိကရေမြှုပ်များ။ အဲသည်နေ့က
တိုကျိုမြို့လည်ခေါင်ကြီးတွင် သန္တတိအမတ်ကြီးကို
ရှာတွေ့မိလိုက်သလိုလို…။
ရှင်မားရု
3 comments:
ခဏခဏပြန်ဖတ်ရမယ့် စကားလုံးတွေပါဘုရား ။
သန္တတိအမတ်ကြီးရဲ့ ဖြစ်အင်ကိုလည်းမြင်ယောင်နေမိပါ၏ဘုရား …
ကျွက်စိကျွက်စိလုပ်တဲ့အထဲ တပည့်တော်က ပထမ ဘုရာ့ ။
:D
“ငယ်ငယ်က နေမကောင်းဖြစ်တိုင်း ဘုရားကို သတိရ၏။
ကြီးလာတော့ ဘုရားကို သတိရတိုင်း နေမကောင်းဖြစ်ရ၏။”
ဒါကတော့တပည့်တော်ကိုထိပြီ။
နေမကောင်းရက်တွေကျော်လွန်ဘို့ ကုသိုလ်တရားတွေနဲ့ကြိုးစားနေပါတယ်ဘုရား …။
Post a Comment