Saturday, May 16, 2015



(က)
‘' ဘဝဟာ ဘီယာလိုပဲ
လောင်း​ထည့်​လိုက်​သ​မျှ ပြန်​ထုတ်​ရ​တာ​ဓမ္မတာ”



(ခ)
တို​ကျို​မြို့​၏ နာမည်ကြီး​ဘူ​တာ​တစ်​ခု​ရှေ့​တွင် အ​ဆို​ပါ ကြော်ငြာ​ကို ငေး​ကြည့်​ရင်း အ​တွေး များ ခရီး​ထွက်​သွား​သည်။ သူ့​ဘဝ​နာမ်​ခန္ဓာ​ကြီး​ထဲ လောင်း​ထည့်​မိ​သည့်​အရည်​များ​က မန​ည်း​လှ။ ဝေ​ဒ​နိ​က​မြစ်​ရေ​များ၊ အတ္တ​ချော်​ရည်​များ၊ ဒုက္ခ​ပျားရည်​များ၊ တစ်​ချို့​က ပျော်​ဝင်​လွယ်​သ​လောက် တစ်​ချို့​က​မူ စေးကပ်​ကပ်​နိုင်​လွန်း​လှ​သည်။ လောင်း​ထည့်​သ​မျှ ပြန်​ထွက်​မ​လာ​သေး​သည့် အရည်​များ​လည်း စိတ်​နံရံ​တစ်​ဝိုက် တွဲ​ခို​တိုက်စား​တုန်း။



(ဂ)
မေ​လ​သည် ပူ​သော အခြင်းအရာ​လျှင် အဦး​အစပြု​၏။ တစ်​ရာသီ​လုံး ခြေစွပ်​နှင့် ရှူး​ဖိနပ် စီး​လာ​ရာ​က ညှပ်​ဖိနပ်​ကို ပြောင်း​စီး​သည်။ (ရန်ကုန်​မှ တ​ကူး​တ​က သယ်​လာ​ပေး​သော အလှူရှင်​များ စိတ်လက်​ဝန်​တာ ပေါ့ပါး​စေ​ကြော​င်း အာ​သီ​သပြု​၏) ခရီး​များ အဆုံး​ထိ မ​ရောက်​တောင် ရောက်​နိုင်​သ​မျှ ဝေး​ဝေးလံ​လံ သွား​လို​လှ​သော်လည်း ဥပါ​ဒါ​န်​ဖိနပ်​ကား ထင်​သ​လောက် မ​ပါး။ ဖိနပ်​ကို ငုံ့​ကြည့်​မိ​တိုင်း ရှက်​စနိုး​ဖြစ်​ရသ​ည်​မှာ အခါခါ။ "အ​စ္စ​ယော မံ အာဝုသော " ပါ ကျေးဇူးရှင်​တို့။



(ဃ)
မ​ကြာ​ခဏ မက်​တတ်​သော အိပ်မက်​တစ်​ခု​ရှိ​သည်။ ခြေထောက်​များ​က မဟာပထဝီ​နှင့် မ​ထိ။ မြန်​သ​လောက် မြင့်​သည်။ မြေပြင်​ပေါ်​မှ လူ​တစ်​ချို့​ကား ​ကျွ​က်​စိ​ကျွ​က်​စိ။ (တစ်​ယောက်​စ နှစ်​ယောက်​စ) မီ​လို​မီ​ငြား ပြေး​လိုက် လာ​ကြ​သည်။ ထုံးစံ​အတိုင်း အိပ်မက်​က နိုး​လာ​တော့ ကမ္ဘာ​မြေ​ဆွဲ​အား​များ​က ပုံ​မှန်​ပင်။ မိတ်ဆွေ​အား တောင်းပန်​လို​သည်မှာ မနက်​ခင်း​တစ်​ချို့​တွင် ငို​နေ​သူ​တစ်​ယောက်​ယောက်​ကို တွေ့​ပါ​က “ ပြန်​အိပ်​ဖို့​သာ ပြော​ပေး​ပါ”.။
(င)



ငယ်​ငယ်​က နေ​မ​ကောင်း​ဖြစ်​တိုင်း ဘုရား​ကို သတိရ​၏။ ကြီး​လာ​တော့ ဘုရား​ကို သတိရ တိုင်း နေ​မ​ကောင်း​ဖြစ်​ရ​၏။ကြော်ငြာ​ဆိုင်း​ဘုတ်​ကို နောက်​တစ်​ကြိမ် ပြန်​မော့​ကြည်​မိ သည့်​ခဏ မြတ်​ဗုဒ္ဓ​၏ အဘိ​ဓ​မ္မာ​ကို ရှာ​တွေ့​သွား​သည်။ “အယ်​လ်​ကို​ဟော ပစ္စယာ အဝိဇ္ဇာ “နှင့် ထိုထို​အာ​ဝေ​နိ​က​ရေမြှုပ်​များ။ အဲ​သည်​နေ့​က တို​ကျို​မြို့​လည်​ခေါင်​ကြီး​တွင် သ​န္တ​တိ​အမတ်​ကြီး​ကို ရှာ​တွေ့​မိ​လိုက်​သ​လိုလို…။


ရှင်​မား​ရု

3 comments:

Han said...

ခဏခဏပြန်ဖတ်ရမယ့် စကားလုံးတွေပါဘုရား ။
သန္တတိအမတ်ကြီးရဲ့ ဖြစ်အင်ကိုလည်းမြင်ယောင်နေမိပါ၏ဘုရား …

Lin said...

ကျွက်စိကျွက်စိလုပ်တဲ့အထဲ တပည့်တော်က ပထမ ဘုရာ့ ။
:D

Thila said...

“ငယ်ငယ်က နေမကောင်းဖြစ်တိုင်း ဘုရားကို သတိရ၏။
ကြီးလာတော့ ဘုရားကို သတိရတိုင်း နေမကောင်းဖြစ်ရ၏။”

ဒါကတော့တပည့်တော်ကိုထိပြီ။
နေမကောင်းရက်တွေကျော်လွန်ဘို့ ကုသိုလ်တရားတွေနဲ့ကြိုးစားနေပါတယ်ဘုရား …။