Sunday, February 15, 2015


(ကိုဝိရဲ့ ဃဋိကာရသုတ္တန်မှ အချက်အချို့ကို ဘာသာခြားအမြင်ဖြင့် ခံစားကြည့်ခြင်းဆိုတဲ့ ပို့စ်ဟာ ဥူးဇင်းကို အ​ကြောင်းပြုပြီး ဆင့်ပွားတွေးဖြစ်တဲ့ အများဆိုင် မေးခွန်းပါ။ ဒါ့ကြောင့် အဲဒီပို့စ်နဲ့ ဆက်စပ်ရာကို ဉာဏ်မီသလောက် ဖြေထားတဲ့ ဥူးဇင်းတစ်ပါးတည်း အမြင်ပါ)

ဥူးဇင်း မြန်မာပြည်မှာ ဗုဒ္ဓစာပေတွေ လေ့လာခဲ့တုန်းက ပထမတော့ စာမေးပွဲအောင်ဖို့ ဦးစားပေးလေ့လာဖြစ်ခဲ့တယ်။ နောက်တော့ တဖြေးဖြေးနဲ့ စာပေအပေါ်မှာ မေးခွန်းတွေ များများလာတယ်။ သဒ္ဓါတင်ပြီး ယုံကြည်လိုက်ရတဲ့ သုတ္တန်တွေတွေ့တိုင်း သူငယ်ချင်းတွေနဲ့ ငြင်းခုံဖြစ်ခဲ့တယ်။

အကြောင်းအားလျှော်စွာ ပြည်ပရောက်လာတော့ နိုင်ငံကြီးအများစုမှာ တူညီတဲ့ လက်တွေ့လည်း ကျင့်သုံးနေကြတဲ့ Human Right တို့၊ Privacy တို့စတဲ့ လူ့ကျင့်ဝတ်တွေ လူသားတစ်ဦးချင်းစီမှာ ထားရှိရမယ့် နီတိတွေနဲ့ လက်တွေ့ကျကျ ထိတွေ့ခွင့်ရခဲ့တယ်။ ဥပမာ မိမိကြောင့် ပတ်ဝန်းကျင်အနှောင့်အယှက်ဖြစ်စေမယ့် အသံဆူညံမှုမျိုး၊ (ဂျပန်မှာဆို ရထားထဲမှာ လုံးဝဖုန်းမပြောရပါဘူး၊ အရေးကြီးလို့ မဖြစ်မနေ ပြောရမယ်ဆိုလည်း တိုးတိုးလေးနဲ့ အတိုဆုံးပြောပြီး မိမပတ်ဝန်းကျင်က မျက်စောင်းတွေ ထိုးကျမလာခင် အမြန်ဆုံး ဖုန်းချပစ်ကြရပါတယ်) ။

ခုလို စနစ်တွေနဲ့ အသားကျစပြုလာတဲ့ ခုနပို့စ်ပိုင်ရှင် ကိုဝိအနေနဲ့ ဘာသာရေးနဲ့ ပက်သက်ပြီး ဘဝင်မကျမိတာလေးတွေ၊ မေးခွန်းလေးတွေ တက်တက်လာလာတာ အဆန်းတော့ မဟုတ်ပါဘူး။ ဥူးဇင်းကိုယ်တိုင် ဥူးဇင်းတို့ရဲ့ မြန်မာပြည်မှာ လက်ခံကျင့်သုံးနေတဲ့ ဘာသာရေးအခမ်းအနားတွေ၊ ဓလေ့ထုံးစံတွေအပေါ်မှာ ဘဝင်မကျတာလေးတွေ ရှိပါတယ်။ ဥပမာ အထူးတရားပွဲတွေရဲ့ အခင်းအကျင်းနဲ့ အတင်းကာရော အလှူခံတဲ့ကိစ္စ၊ ကုသိုလ်ရေးရဲ့ အခြားတစ်ဖက်ကို နဲနဲရောက်နေတဲ့ အသံမစဲပဌာန်းပွဲမျိုးစသည်တွေပါ။  ဒီလိုပြောတဲ့အတွက် ကိုယ့်ပေါင်ကို အရှက်မရှိ လှန်ထောင်သူလို့ စွပ်စွဲမယ်ဆိုလည်း ပြုံးပြမိမှာပါပဲ။

ကိုဝိရဲ့ ပို့စ်နဲ့ ပက်သတ်ပြီး ဆွေးနွေးကြည့်ရအောင်။ action တိုင်းမှာ (၁) ခရီးသွားဟန်လွှဲ (၂) သူတစ်ပါးစေခိုင်းတာနဲ့ (၃) တမင်ရည်ရွယ်ချက်ရှိရှိ ပြုမူခြင်းဆိုပြီး အကြမ်းဖျင်း ၃ ချက် ခွဲကြည့်နိုင်ပါတယ်။ ဥပဒေကြောင်းအရ ခဏထားလို့ လူသားတစ်ဦးချင်းစီရဲ့ ကျေနပ်မှုရှိခြင်းမရှိခြင်းနဲ့ တိုင်းတာရင် ဒီလောက်စကားတွေ အများကြီးပြောဖို့ မလိုပါဘူး

အိမ်အမိုးခွာနေတဲ့ ရဟန်းတော်တွေဟာ နံပါတ် (၂) ထဲ အကျုံးဝင်ပြီး ဗုဒ္ဓက စေခိုင်းလို့သာ လုပ်ကြတာပါ။ ဟာ..ဒီကိစ္စကြီးကတော့ မဖြစ်သင့်ဘူး။ သူတစ်ပါးအိမ်ယာ ဖျက်ဆီးရမယ့်ကိစ္စ လူ့အခွင့်အရေးနဲ့ မညီဘူးလို့ တစ်ပါးတလေ တွေးကောင်းတွေးမိနိုင် ပေမယ့် လက်ပတောင်းမှာ တာဝန်ကျနေတဲ့ လက်အောက်ငယ်သားရဲဝန်ထမ်းတွေလို နေမှာပါ။

စေခိုင်းသူ ဗုဒ္ဓဘက်က ကြည့်ရင် နံပါတ်(၃)အချက်နဲ့ညှိနေပြီး တမင်ရည်ရွယ်ချက်နဲ့ စေခိုင်းခဲ့တာလေ။ ပတ်ဝန်းကျင်အမြင်နဲ့ ကြည့်ရင်တော့ လေးစားမှုမရှိဘူး၊ အကြောကြီးလို့ ထင်စရာရှိပေမယ့် အင်မတန်မှ ရင်းနှီးချစ်ခင်တာကို သိစေလိုလို့ ခုလိုလုပ်ခိုင်းတာပါ။ နောက်တစ်ချက် ဒီလိုပြုမူလိုက်လို့ ကာယကံရှင်က မကြည်ဖြူရင် ဒီလိုခိုင်းစရာအကြောင်း (လုံးဝ) လုံးဝ မရှိပါဘူး။ မိသာစုတစ်ခုမှာ ညီဖြစ်သူရဲ့ အဝတ်အစားတွေကို အကိုဖြစ်သူက မပြောမဆိုနဲ့ (ညီ့ရဲ့ ခွင့်ပြုချက်မရယူပဲ) ကောက်စွပ်သွားတဲ့အခါ ညီဖြစ်သူက ကျေနပ်ရင် ကာယကံရှင်တွေလည်း အေးဆေးပါပဲ၊ ပတ်ဝန်းကျင်နဲ့ မိဘကလည်း ဝင်ရောက်စွက်ဖက်မှာ မဟုတ်ပါဘူး။  ဒီအပြုအမူဟာ မကောင်းပေမယ့် (အကိုဖြစ်သူက ညီတစ်ယောက်အပေါ် ခုလို ဆက်ဆံလိုက်ရုံနဲ့) အားလုံးက ဒီကောင် ဒီလိုစရိုက်ရှိတယ် ဆိုပြီး ဝါးလုံးသိမ်းမမြင်ဘူးဆိုတာ လက်ခံကြမှာပါ


နောက်ပြီး အကျွမ်းဝင်ခြင်းဆိုတဲ့ ဝိဿာသဂ္ဂါဟနဲ့ ယူငင်ရင် ဥပဒေကြောင်း အရလည်း အပြစ်မရှိပါဘူး။ ဒီလိုအဖြစ်အပျက်မျိုးဟာ ဘုရားရှင်တစ်ပါးထဲသာ မကပါဘူး။ ရှင်အာနန္ဒာလည်း သူများသင်္ကန်းကို ခင်လို့ဆိုပြီး ကာယကံရှင်ကို အသိမပေးပဲ ခပ်တည်တည် ယူဝတ်ဖူးပါတယ်။  

မြတ်စွာဘုရားဟာ  ခွင့်ပြုချက်မယူပဲ ခုလိုလုပ်တာကို လောကကျင့်ဝတ်အရ မကောင်းမှန်းသိပေမယ့် တစ်ခြားသူအပေါ်မှာတော့ ဘယ်လောက်ရင်းနှီးနှီး ကျူးလွန်ခဲ့ဖူး တဲ့ မှတ်တမ်းမရှိပါဘူး။ ဘုရားနဲ့ ဃဋိကာရတို့ရဲ့ သံသရာအစကတည်းက ပါလာခဲ့တဲ့ ရေစက်ကို အကြောင်းပြုလို့ နောင်အခါမှာ  နှောင်းလူတို့ အတုယူစရာ မေတ္တာသရုပ်ကို ဖော်ကျုးပေမယ့် အထင်ကရနေရာလေးအဖြစ် မှတ်တမ်းထင်ကျန်ရစ်စေချင်တာလည်း အဓိကရဲ့ အဓိက အကြောင်းတရားတစ်ခုပါပဲ။

အနှစ်ချုပ်ရရင် ဘယ်နေရာမှာမဆို နှစ်ဦးနှစ်ဖက် ကြည်ဖြူရင် ရှော့ဖြစ်လေ့မရှိပါဘူး။ ကာယကံရှင်တွေ အမြင်မတူတဲ့အခါမှသာ ပတ်ဝန်းကျင် လူ့ဘောင်အသိုင်းအဝိုင်းဆိုတာ ပေတံတွေ ထုတ်ပြကြရင်း ဝင်ကူပေးလေ့ရှိကြတာ သဘာဝပါ။


ဗုဒ္ဓကလည်း ဟိုး…ရောက်မလာသေးတဲ့ အနာဂတ်ထိ မျှော်တွေးပြီး ငယ်ပေါင်းကြီးကို ချီးမြောှက်လိုလို့။ ငယ်ပေါင်းကြီးကလည်း ခုလိုချီးမြှောက်တာကို အထူးအခွင့်အရေးဆိုပြီး ကြည်နူးချင်နေမှန်း ဗုဒ္ဓကသိလို့ပါ။ ဃဋိကာရခမျာလည်း ကြည်နူးလွန်းလို့   ထမင်းတောင်မစားနိုင်လောက်အောင်ပီတိတွေဖြာပြီးကျေနပ်မှုအထွဋ်အထိပ်ရောက်ခဲ့တယ်လို့ အဌကထာက ဆိုပါတယ်။ ရောင်းသူဝယ်သူ အသံတူဖို့ လိုရင်းမဟုတ်လား။

6 comments:

Han said...

သာဓုပါဘုရား …

Han said...

တပည့်တော် အတွက်တော့ Privacy သာအဓိက။ :)

Han said...

မင်းတုန်းမင်းလက်ထက်က ဗန်းမော်ဆရာတော် စာမေးပွဲဖြေခါနီး ဘုရားဆင်းတုတော်မှာပတ်ထားတဲ့သင်္ကန်းကိုယူပြီးဝတ်တာပြေးမြင်မိတယ်ဘုရား ။ :D

Lin said...

တပည့်တော်အမြင်နဲ့ အရှင်ဘုရားရဲ့အမြင်နဲ့ထပ်တူပါဘုရား ။
သာဓုပါဘုရား _/\_ _/\_ _/\_

Lin said...

ရှင်တော်မြတ်ဘုရားရဲ့ တရားတော်ေတွမှာ အားလုံးတွက် Etiquette တွေ၊ စည်းတွေ၊ ဘောင်တွေနဲ့
သင်ပြထားတော့ ထပ်တူ လိုက်နာကြရင် ရောင်းသူဝယ်သူ အသံတူကြမှာပါဘုရား …။
(တရားခွေအတချို့ မှာ ဆရာတော်တရားမဟောခင် သီချင်းတွေထည့်တာတော့ဘဝင်မကျပါဘုရား။ )

Thuta said...

http://dhammadownload.com/MP3Library/Dr-Nandamalabhivamsa/DVD-02/110-Dr-Nandamalabhivamsa-DVD-Mp3.mp3 ဃဋိကာရ
သာဓုပါဘုရား … _/\_