Friday, February 8, 2013

မနက်မိုးလင်းတဲ့အခါ ကော်ဖီတစ်ခွက်ဟာ အရေးပါတယ်

ကျောင်းထောင့်က ဝက်သစ်ချပင်ကြီးကို မြင်တဲ့အခါ
Margaret Mitchell ရဲ့ စကားလက်အိုဟာရာကို သတိရမိ
ငါတို့ဟာ
ရောက်မလာသေးတဲ့ ဧည့်သည်ကို
ဘာလို့များ တထိတ်ထိတ်နဲ့ စောင့်မျှော်နေကြပါလိမ့် ။

ဝက်ပေါင်ခြောက်တွေ ဘယ်လောက်ကျန်သေးလဲ
ဒီဘက်ခေတ်မှာတော့ ခေါက်ဆွဲခြောက်ထုပ်က နေရာတကာပါတယ်
ဝါဂွမ်းစိုင်တွေဟာ လေနဲ့ထိတွေ့မိရင် မကောင်းဘူး
စောစောစီးစီး တောင်တက်ခရီးသည်တွေ…...
တစ်ချို့က နှင်းတောထဲမှာ အိမ်မွေးခွေးတွေ ကျောင်းနေတယ် ။

ပြည်တွင်းစစ်ကို တစ်ယောက်ထဲ နွှဲတော့ အကျအဆုံးနဲတာပေါ့
ရန်သူကို တွေ့ရင် ရိုးသားပါ
မျှော်လင့်ချက်ဆိုတာ လမ်းဘေးခွေးတွေအတွက်တော့ ကောင်းတယ်
ဘယ်သူပြောလဲ? တိုကျိုညတွေ လှတယ်ဆိုတာ...
နီးရက်နဲ့ ဝေးနေခြင်းအပေါ် သံသယများရင်
တောင်တန်းတွေက ရယ်သွမ်းသွေးလိမ့်မယ် ။

စေတနာတွေ ဘယ်နှစ်ရက်အကြာမှာ သိုးတတ်လဲ
မနေ့က လက်ကျန်တွေကို နေလှန်းပါ
နားလည်မှုနဲ့ တံခါးဖွင့်ဖို့ဆိုရင်
သော့မရှိခြင်းကို တွေဝေတာဟာ လွဲမှားခြင်းသက်သက်ပဲ
တကယ်ဆို ကော်ဖီတစ်ခွက်နဲ့ သုံးမိနစ်သာ လိုပါတယ် ။

(မဏိဇောတာလင်္ကာရ)
၀၈.၀၂.၂၀၁၃. ၅.၅၅ 

1 comments:

Anonymous said...

လေးဆယ်ပြည့်ဖို့ သုံးနှစ်အလို ..
လမိုက်ညမှာ ရောင်နီအလာကို ထိုင်စောင့်ရင်း နားလည်မှုနဲ့ ရိုးသားနေရတာ
မေပယ်လ်ရွက်ကလေးတွေက သိပါတယ်၊
.
.
.
အရောင်မရှိတဲ့အကြောင်းတွေကို ...။