Wednesday, January 30, 2013


လေသည် တရှဲရှဲမြည်လျှက် သညာပြု၏
သစ်ရွက်တို့ကား မြေသို့ နမ်းရှိုက်ရင်း
လဲလျောင်းရာကို ရှာတွေ့သွားကြ၏။

မိမိစိတ်အစဉ်သည် ရံဖန်ရံခါ မိုက်မဲလွန်းလှသည်၊
ကျက်စားရာ ရှာမတွေ့ချေ။
ကျောင်းသင်္ခမ်းလေးသည်ကား
နှင်းပုဝါခြုံစောင်ကြားမှ ပြူကြည့်ရင်း ပြုံးနေသယောင်ယောင်။

ဧကစာသီတင်းသုံးသော ရဟန်းအား
ဘုရား ချစ်မြတ်နိုးတော်မူ၏၊
ကြည်မွေ့လွန်းပေစွတကား
လွယ်ကူစွာပင် ခက်ခဲပေစွတကား။

"သယံ ကတံ မက္ကဋကောဝ ဇာလံ"
ကိုယ်တိုင်ရက် ပိုက်ကွန်၌ ပင့်ကူတစ်ကောင် မိနေ၏
ငါသည်ကား ငါ၏  စိတ်ကွန်ယက်အား ဖြတ်တောက်မည်
ယင်းသို့ပင် ကြုံးဝါး၏။

အနော်မာတစ်ဖက်ကမ်းမှ
သိဒ္ဓတ္ထ၏ ညများစွာကို မျှော်ကြည့်မိသည်။
ထိုခေတ်ထိုအခါက Wifi နှင့် iPad သာ ရှိခဲ့ပါမူ
အနှီသိဒ္ဓတ္ထ၏ မှတ်တမ်းရှည်သည်ကော မည်သို့ရှိခြိမ့်မည်နည်း?

အကဂိတောင်ကြားမှ ရဟန်းတစ်ပါးသည်ကား
အာရုံခြောက်ပါးအား နားစွင့်ရင်း
မေပယ်လ်ပင်အောက်မှာ ရပ်နေမိ၏
မည်မျှ ကြာသွားသည်ကိုမူ သူကိုယ်တိုင်လည်း မသိချေ။

၃၀.၀၁.၂၀၁၃.၂.၀၀

2 comments:

Anonymous said...

တောရိပ် တောင်ရိပ်ဝယ် ရောက်နေသော ရဟန်းတစ်ပါးအတွက် အာရုံခြောက်ပါးနှင့်ကင်းကာ လမ်းဆုံးကိုလည်း ရောက်သွားနိုင်သေးသည်။

ထိုအခါ ဒကာမကြီးထံ တရားတစ်ပိုဒ် ဟောကြားရန် မေ့တော်မမူနှင့် ...။

Lin said...

အပ္ပမာဒေန သမ္ပာဒေထ။
(ကိုယ့်ကိုယ်ကိုသတိပေးတာ ဘုရား။)