Wednesday, June 6, 2012

(ရောဂါ)

ပိုးမွှားတစ်ချို့မှာ ကြင်နာခြင်းတွေ ကပ်ပါလာတတ်တယ်ဟူသော အဆိုကို သင်လက်ခံပါ့မလား။ တစ်ခါတစ်ရံ သူသည် ပိုးမွှားရောဂါများကို ချစ်တတ်သူဖြစ်သည် ။   အလွတ်မရသော မျက်နှာ၊ ဖတ်ပြီးသား စာအုပ်တစ်အုပ်လို မျက်နှာ၊ စိတ်ရော ကိုယ်ပါ အပ်နှင်းလာသော မျက်နှာတစ်ချို့ကို အံ့သြထိတ်လန့်ဖွယ် တွေ့ရသောအခါ အမေ့ကို ကိုယ်ချင်းစာမိ၏။ သို့သော် မျက်ရည်တစ်ခါကျတိုင်း အမေ့ကို တစ်ခါ တမ်းတတတ်သော အကျင့်လေး ငုတ်လျှိုးပျောက်ကွယ်နေသည်မှာလည်း ကြာပြီဖြစ်သည်။ ဘ၀ထဲကို ရောဂါအသစ်တွေ  ၀င်လာသလို လူအသစ်တွေလည်း  တဖွဲဖွဲ..။


(အပေါင်းအသင်း)

မိတ်ဆွေဆိုတာ မီးပျက်မှ လာဖို့ကောင်းတဲ့ အဖော်လား၊ ဒါမှမဟုတ် အထီးကျန်ချိန်မှ လိုအပ်သူလား။ ခုတလော ဗျတိရေကနဲ့ အနွယအကြောင်း ကျမ်းစာတစ်ချို့ ပြန်ဖတ်ကြည့်ဖြစ်သည်။ ဆန့်ကျင်ဘက်တို့မှာလည်း ကြီးမြတ်မှုကို  ရှာတွေ့နိုင်ကြောင်း    သူကောင်းကောင်း သဘောပေါက်ထားသည်။ တစ်ချိန်က ဆရာဖြစ်ဖူးသူ ပရော်ဖက်ဆာ တစ်ဦးကတော့ ဒေ၀ဒတ်ကို သိပ်အားကျတာပဲတဲ့..။ တဖွဖွ ပြောဖူးသည်။ သည်လိုနဲ့ မပေါ့မပါး စိတ်လေးလက်ဝန်တစ်ချို့ကို ရက်သတ္တပတ်အလွန်ထိ သူပြုံးပြနိုင်ခဲ့သည်။  ၀ရံတာလေးတော့ သူ့ဘာသာသူ ငိုက်မြည်းနေပါစေ..။


 (မရဏ)

ကိုယ်တိုင်မကြုံဖူးသော အတွေ့အကြုံတစ်ခုဆိုသည်မှာ ပုံပြင်ထဲက အံသြဖွယ်ဇာတ်ကောင်မျှသာ ဖြစ်တယ်၊ သို့သော် သင့်လက်တွေ့တွင် ရင်ခုန်ခွင့်တော့ ရလိမ့်မည်မဟုတ်ပေ၊ အဘယ့်ကြောင့်ဆိုသော် နောက်တစ်ခါ တံခါး ပြန်လာခေါက်မည့် ဧည့်သည် အမျိုးအစား မဟုတ်သောကြောင့်ဖြစ်သည်။ ခွဲစိတ်ပြုပြင်အပြီး ပြောလေ့ရှိသော Before နှင့် After ဆိုသော စကား ဤနေရာတွင် အသုံးဝင်ပါက မည်မျှ သက်သောင့်သက်သာ ဖြစ်လိမ့်မလဲဟု အူကြောင်ကြောင် တွေးနေမိတတ်သေးသည်။ လူတစ်ယောက် စကားပြောနေရင်းကနေ အသက်ပျောက်သွားတော့ သူပါ မရဏထဲ လိုက်ဝင်ကြည့်မိ၏။ အို. ...မှောင်မှောင်မဲမဲ ပါပဲလား..။


(အနုပညာ)

ပြောမနာ ဆိုမနာ ဘော်ဒါတစ်ယောက်က အားပေးဖူးသည်။ မင်းကဗျာတွေ ဘုတ်အုပ်နှိပ်တဲ့အခါ ယောင်လို့တောင် လက်ဆောင် မပေးပါနဲ့ကွာ..တဲ့။ အနုပညာဆိုသည်မှာ သူတစ်ပါး နားလည်ဖို့လား၊ ခံစားဖို့လားဆိုသည်ကို အထူးရှင်းပြရန်လိုမည်မထင်။ တစ်ယောက်ကတော့ မင်းစာတွေက ကောင်းတော့ ကောင်းတယ်၊ ဒါပေမယ့် အရူးတစ်ကောင် ရေးတဲ့ ကျွတ်မုန်းဝင်လိုပဲတဲ့။ ၀န်ခံပါသည်။ သူသည်လည်း သူရူးကလေး တစ်ကောင်မျှသာ ဖြစ်ပါကြောင်း..။ သူဘာရေးရေး တိတ်တိတ်ကလေးပန်းစီးလာပေးရင်း နွေးထွေးခဲ့ဖူးသော လက်တစ်စုံကိုတော့ သတိရမိသား..။


(သေတမ်းစာ)

မဆိုင်လိုက်တာ လို့ ယူဆလိုက ယူဆနိုင်ပါသည်။ ကွေးသောလက် မဆန့်ခင်လေးအတွင်း အနေအထိုင်တတ်သွား ချင်ရုံ သက်သက်ပါ။ (သူဟာ အနေအထိုင် မတတ်သေးတဲ့ အိပ်မက်ကလေးပေါ့)။ သင်ဖတ်နေသော စာကြောင်းများသည် သေတမ်းစာ တစ်စောင်နှင့် ဆင်နိုင်၏။ သူပိုင်ဆိုင်သမျှ အမှားဘီလျံနှင့် နောင်တပေါင်း ကုဋေကုဋာ အား ငါ့ရှင်အား အမွေပေးခဲ့ချင်ပါသည်။ နောင်လာနောက်သားတို့ ကြီးပြင်းလာသောအခါ ဂူသွင်းပြတိုက်ထောင်ပြီး ပြစားဖို့သင့် မသင့် တမလွန်မှတစ်ဆင့် ကြေငြာချက်တစ်စောင် ထုတ်ပါမည်။  အဘယ့်ကြောင့်ဆိုသော် ဗန်းဆင့်ဗင်ဂိုး၏ တမလွန်မှ  ငိုကြွေးသံကို ညစဉ် ကြားနေရသောကြောင့် ဖြစ်သည်။ ။

(မောနေယျ)
01.06.2012

3 comments:

ဒကာမကြီး said...

သေတမ်းစာလေး ပြောပြနေတဲ့ ပစ်စလက်ခတ် ပုံဆောင်ခဲ့တို့အကြောင်းရေးထားတဲ့ အက်ဆေးကို မိုးတွေ တဖွဲဖွဲရွာတဲ့နေ့မှာ ဝရံတာလေးမှာ ငိုက်မြည်းနေတဲ့ သူတစ်ဦး လာဖတ်သွားပါတယ်း)

Anonymous said...

လာဖတ်သွားပါတယ် ...
အဘယ့်ကြောင့်ဆိုသော် ဗန်းဆင့်ဗင်ဂိုး၏ တမလွန်မှ ငိုကြွေးသံကို ညစဉ် ကြားနေရသောကြောင့် ဖြစ်သည်။ ။

Lin said...

သူပိုင်ဆိုင်သမျှ အမှားဘီလျံနှင့် နောင်တပေါင်း ကုဋေကုဋာ အား ငါ့ရှင်အား အမွေပေးခဲ့ချင်ပါသည်။
:)