Sunday, September 5, 2010

နှင်းတွေကိုမှ တစ်ရှိုက်မတ်မတ် ချစ်တတ်တဲ့ မိုင်တိုင်တွေရဲ့ အဝေး ဟိုး............မြို့ငယ်လေးက သူငယ်ချင်းရေ..။ ခုချိန်လောက်ဆို မှုန်ပြပြ ဆောင်းညတွေရဲ့ ရင်ခွင်မှာ ခိုဝင်မှေးစက်ရင်း စာမလာ လူပါပျောက်နေတဲ့ အဝေးရောက် သူငယ်ချင်းတစ်ယောက်
အပေါ် မေတ္တာတွေ လှိမ့်ပို့နေလေမလား..ဒါမှမဟုတ်
မနက်စောစော အိပ်ယာကအထ တံစက်မြိတ်က ပြုတ်ကျလာတဲ့ နှင်းပွင့်တွေကို ငေးမောခံစားရင်း မင်းသွားချင်တဲ့ ကမ္ဘာတစ်ခုဆီ အလည်တစ်ခေါက် သွားရောက်နေလေမလား....မှန်းဆလို့ တမ်းတမိပါတယ် သူငယ်ချင်းရာ...။

သေချာတာကို ကြေငြာပြရရင်တော့ ...ခုလေ...ခေတ်သစ် ပညာရပ်တွေနဲ့ ရောင်စုံအလှတရားတို့ စုဝေးရာ တို့ရဲ့ ရွှေမြို့တော်ကြီးမှာပေါ့...ရာသီခွင်က ဆောင်းပီသလို့ လာပီခဲ့ပြီလေ..။ အိပ်ယာဘေးက ခန်းဆီးစကို အသာအယာ လှပ်ကြည့်ရုံနဲ့တင် စိမ့်ကနဲ ခံစားရတာကိုက ဆောင်းရဲ့ မူပိုင်အရသာတစ်မျိုးပဲ မဟုတ်လား..။

(ခုလို ရာသီမျိုး ရောက်ပီ ဆိုမှဖြင့် ထိလွယ်ရှလွယ်တဲ့ မင်းတို့ ငါတို့ရဲ့ နှလုံးသားကိုက ဥသြတွန်သံ မကြားလည်းပဲ လွမ်းဖို့အကြောင်း လုံလောက်နေပါပီ) ဒီတော့ကွာ...
ခပ်ရင့်ရင့် ဆောင်းဥတုထဲကို ခြေကျွံလက်ကျွံ ၀င်ရောက်လာတဲ့ နှင်းမိုးတစ်သုတ်နဲ့ အတူ ငါ့ရဲ့ ရင်တွင်းတောင်ပံတစ်စုံကို မင်းဆီအရောက် ပျံသန်းခွင့်ပြုပါနော်..သူငယ်ချင်း။


အဲသည်တစ်ည ...နက်မှောင်ငြိမ်သက်လွန်းတဲ့ည......၊ ညဟာ ချစ်ဖို့ ကောင်းနေလိုက်တာ..။
ဒီလိုညမျိုးကို စွန့်ပြီး အိပ်စက်ဖို့ ခက်ခဲလွန်းနေတဲ့ ကိုယ်လို လူအတွက်တော့ ခေါင်းအုံးအောက်က ဒိုင်ယာရီဟောင်းလေးကို ထုတ်ဖတ်ရင်း စာမျက်နှာ တစ်ပတ်နွမ်းတွေကိုပြန်လည် အသက်သွင်းနေမိတယ်.....။

အဲသည်နေ့စွဲဟောင်းတွေထဲမှာ…..
ဘာဋီမုနိကို ကြည်ညိုတဲ့ စိတ်တွေ ရှိတယ်။
(ယော)တိပိဋကကို ချစ်ကြောက်တဲ့ စိတ်တွေ ရှိတယ်။
ယသော်ဓရာ့အလွမ်းကို စာနာတဲ့ စိတ်တွေ ရှိတယ်။
မာသာထရီဇာကို မြတ်နိုးတဲ့ စိတ်တွေ ရှိတယ်။
တာရာမင်းဝေရဲ့ အနုပညာတစ်ချို့ ရှိတယ်။
ရင်ထဲက လာတဲ့ အာဖရိက ဗုံသံတွေ ရှိတယ်။
လူငယ်တစ်ယောက်ရဲ့ တနင်္ဂနွေ ပုံပြင်တွေ ရှိတယ်။
မင်းနဲ့ ငါ့ကြားက မတူညီတဲ့ အိပ်မက်တွေ ရှိတယ်။
ခြောက်သွေ့နေတဲ့ မျက်ရည်စတွေ ရှိတယ်။
သေချာခြင်းတွေ ရှိတယ်၊ မသေချာခြင်းတွေလည်း ရှိတယ်။ ။


ဘာပဲဖြစ်ဖြစ်ပေါ့ သူငယ်ချင်း .. မင်းနဲ့ငါဟာ ညတွေကို ချစ်တာခြင်းလည်း တူတယ်နော်..။ဒီတော့ တစ်ချက် တစ်ချက်ကြားနေရတဲ့ နာရီလက်တံတွေရဲ့ မပီကလာ ပီကလာထဲမှာ ညရဲ့ အဘိဓမ္မာတစ်ရပ်ကို ရှာဖွေရင်း မင်းစကားသံတွေက တိတ်ဆိတ်ခြင်းထဲမှာပဲ ပဲ့တင်ထပ်လာပြန်ရဲ့..ဘာတဲ့…."လရောင်မဲ့တဲ့ ပင်လယ်ထဲ ခုန်မဆင်းပါနဲ့ကွာ"..တဲ့..။
ဟုတ်တယ် သူငယ်ချင်း....ရေငတ်သူအတွက် ဆားငန်ရေဟာ အသုံးမတည့်ပေမယ့် ပင်လယ်မြင်ရင် မနေတတ်တဲ့ ငါ့အတွက်တော့
မင်းစကားက ကောက်ရိုးတစ်မျှင်ထက် ပိုနေပြန်ရော..။မင်း သိတဲ့အတိုင်းပဲလေ..ဆုံးဖြတ်ချက်တစ်ခုကို ချတော့မယ်ကြံတိုင်း အဲဒီဆုံး
ဖြတ်ချက်ရဲ့ ချမှတ်မှုကို ခံခံနေရတဲ့ဘ၀...မင်းရဲ့ အဘိဓမ္မာနဲ့ ဒဿနတွေက ငါ့အတွက် ဆားငန်ရေတော့ မဖြစ်ခဲ့ပါဘူး..။အဲဒီအတွက်
အမြဲတမ်းပဲ ကျေးဇူးတင်နေမိတယ်...။


1 comments:

Han said...

အစဉ်ကြည်ညို လေးစားဦးခိုက်ပါ၏ အရှင်ဘုရား … _/\_ _/\_ _/\_