Friday, September 16, 2016

(၁)
အဲဒီနေ့က ဘာမှ ထူးထူးခြားခြားပြောစရာမရှိဘူးဆိုပေမယ့် နည်းနည်းပါးပါးတော့ ပြောချင်နေမိတယ်။ အမြဲတမ်း ရက်ရာဇာဆိုရင် နောက်တစ်နေ့မနက်မှာ အိပ်ရာထ နောက်ကျနိုင်သလိုမျိုးပေါ့။ ပြောချင်တာက ဘဝမှာ အခြားတစ်ဖက်က ရက်စွဲတွေလည်း ရှိတတ်ကြတာပါပဲ။ ထပ်ပြီးပြောရရင်တော့ BMW ပစ္စယာ ဝေဒနာများစွာနဲ့ မနက်ခင်းတိုင်းဟာ စိတ်လှုပ်ရှားဖို့ ကောင်းနေတော့တာ။
(၂)
အစဉ်အလာတွေရဲ့ ခမ်းနားမှုနဲ့ ကိုယ့်ကိုယ်ကို တရားရနေတယ်။တစ်ခါတစ်ရံ နှုတ်ခမ်းမွေးမရိပ်ပဲ အရှည်ကြီးထားကြည့်ချင်တဲ့ စိတ်ကူးဟာ ရယ်ပွဲဖွဲ့ချင်စရာ။ကလေးတစ်ယောက်အတွေးနဲ့ မြတ်စွာဘုရားကို စိတ်ကောက်ဖူးတယ်။ ကိုယ်ခန္ဓာပေါ်က အမွေးအမျှင်ချင်း အတူတူ ဘာလို့များ ခွဲခြားခွဲခြား ဥပဒေသတွေ ထားခဲ့ပါလိမ့်ပေါ့။ အလိုဆန္ဒနဲ့ အစဉ်အလာအကြောင်း ကောင်းကောင်းသင်ကြားခံရတဲ့ ရွှေပြည် တော် မျှော်တိုင်းဝေးထဲက မဟာရာဇာရဲ့ သမီးတော် ဇူလီကို ကိုယ်ချင်းစာနေမိတယ်။
(၃)
အရင်းနှီးဆုံးလို့ သတ်မှတ်ထားတဲ့ဘဝတွေကို နာကျင်အောင်လုပ်ပြီးမှ ကျေနပ်မှုရတဲ့ အာသာကို ဘယ်လိုဘာသာစကားနဲ့ ဘာသာပြန်ရမလဲ။ သူကိုယ်တိုင်ကကောနာနာကျင်ကျင် ပြုံးရတာကို ကြည်မွေ့နေသူကြီးလား။ တစ်ချို့ လာမေးကြတယ်။ "ခရီးတွေ ထွက်နေတာလား၊ ပျောက်နေလို့"။ တိတ်ဆိတ်မှုကို ရွေ့လျားနေခြင်းလို့ အနက်ဖွင့်ရင်တော့ သူဟာ ခရီးသည်တစ်ဦးပေါ့။ သံသရာကိုက လမ်းရှိနေသရွေ့ မောင်းနှင်နေရအုံးမှာ မဟုတ်လား။
(၄)
မလုံမခြုံ ပုန်းခိုလို့ ဝတဲ့အခါ ပြန်မလာတဲ့ဘဝတွေကို အားကျကောင်း အားကျမိမှာပါလေ။

ရှင်မားရု
၁၄၀၉၂၀၁၆
မှက်ချက်။
ဒီလို စာအမျိုးအစားဟာ အများပြောနေကြတဲ့ စာပေအဆိပ်သင့်မှု ဖြစ်/မဖြစ် သူ မသိပေမယ့် စာဖတ်ပရိသတ်တစ်ယောက်ကတော့ ဝန်ခံဖူးတယ်။ ရှင်မားရုစာတွေကို မဖတ်ပဲလည်း မနေနိုင်သလို ဖတ်မိရင်လည်း ဆက်ဖတ်ရမှာ ကြောက်နေမိတယ်။ ရှင်မားရုကိုယ်တိုင်(သို့) ရှင်မားရုရဲ့ စာဝိဉာဉ်က ဝင်ပူးနေသလို ခံစားရပါသတဲ့။

1 comments:

Han said...

သံသရာကိုက လမ်းရှိနေသရွေ့ မောင်းနှင်နေရအုံးမှာ ပါဘုရား …။