Saturday, July 9, 2016



သာမာန်အတွေးနဲ့ လက်ခံလို့မရတဲ့ ဘဝတွေရှိသေးကြောင်း ကမ္ဘာကြီးရဲ့ တစ်နေရာက ခေါ်သံတစ်ခုရောက်လာတယ်။အဲဒီညက ဆာလောင်မှုများစွာနဲ့ လူငယ်တစ်ဦးဟာ ဆုံးဖြတ်ချက်ကို သိုဝှက်ပြီး သူငယ်ချင်းတွေနဲ့ သဲပုံပေါ်မှာ အိပ်ယာဝင်ခဲ့တယ်။ ရန်ကုန်ဟာ ဇာတိချက်မြှုပ်မဟုတ်ပေမယ့် သူ့မှာရှိသမျှ သံယောဇဉ်လက်တံကိုဆွဲဆန့်ရင်း အရောင်လက်စေခဲ့တဲ့ဘူမိနက်သန်။ ဘယ်နိုင်ငံမှာပဲနေနေ ရန်ကုန်ပြန်ရောက်တိုင်း မဖြစ်မနေလုပ်တဲ့ ဝတ္တရားတစ်ခုက မူလဥပဇ္ဈယ်တိပိဋကဓရ (ယော)ဆရာတော်ကြီးဆီ သွားရောက်ဂါရဝပြုခြင်းပါပဲ။ ဦးတိုက်ဝတ်ပြုတဲ့အခါတိုင်း တရင်းတနှီးသြဝါဒပေးမြဲ။
“ငမောက်က ဆဒော်ကြီးတောင် ဖြစ်နေပြီပဲ။ ဘယ်တော့လူထွက်မှာတဲ့လဲလို့..”
“မထွက်ပါဗရား”
“ဟေ…ဘယ်လို..။ ဝါတော်(၂၀)ပြည့်ရင် ထွက်မှာတဲ့လား”
“မထွက်ပါဗရား”
“တောက်တီးတောက်တဲ့။ အသက်(၇၀)ကျော်ဘုန်းကြီးအိုကြီးတောင် မသေချာမင့်ဟာ”

အသက်(၁၉ )နှစ်မှာ ဗဟန်း၊တိပိဋက (ယော)ဆရာတော်ဗရားကြီးရဲ့ မဟာဝိသုဒ္ဓါရုံ (ပါဠိတက္ကသိုလ်)ကို ရောက်ရှိပါတယ်။ အအိပ်မက်တဲ့သူ့အတွက်တော့ မနက်လေးနာရီ ထိုးမောင်းခေါက်သံဟာ ငှက်ဆိုးထိုးသံထက် ခါးခဲ့တယ်။ သို့ပေတဲ့ ဘုရားရှိခိုးပျက်ကွက်တာနဲ့ နှင်ထုတ်ပြီးသားဆိုတော့ အိပ်မှုံစုတ်ဖွားမနက်ခင်းများစွာ ခေါ်ဆောင်ရာ ဒရွတ်တိုက်လိုက်ခဲ့ရတဲ့ရက်စွဲများပါပဲ။ “ဝိသုဒ္ဓါရုံမှာ နေရင် ဒဏ်မထမ်းဖူးသူဟာ ခေတ်မမီဘူး”လို့ ပြောစမှတ်ဖြစ်တဲ့အထိ စည်းကမ်းကြီးတာပါ။
သေချာတာပေါ့။ ရှင်ငမောက်တို့ အကြိမ်ကြိမ်ဒဏ်ထမ်းခဲ့ရပါတယ်။ များသောအားဖြင့် စာမေးပွဲကျလို့ဆိုတာထက် ပေါက်ကရလုပ်လို့ အပြစ်ပေးခံရတာများပါတယ်။မှတ်မှတ်ရရ စမ်းချောင်းကံမြင့်မှာ တရားဟောဖို့အတွက်နဲ့ ဆရာတော်စာချတဲ့မိုက်ကို အသုံးပြုပြီး အသံစမ်းခဲ့တဲ့နေ့ အပြင်ကပြန်ကြွလာတဲ့ဆရာတော်နဲ့ ပက်ပင်းမိပါတယ်။ချက်ချင်းနှင်ထုတ်ခဲ့ပေမယ့် တိုက်အုပ်ဆရာတော်အသနားခံမှုကြောင့် ပြစ်ဒဏ်(၇)ရက်နဲ့ပဲ ကျေအေးသွားခဲ့တယ်။ အဲဒီည သံဃာအားလုံးရှေ့မှာ ဆရာတော့်ဆီက မှက်ချက်တစ်ခုရပါတယ်။ “ငယ်ငယ်ကလို မလိမ္မာတော့ဘူး” တဲ့။
ရန်ကုန်စာသင်သားဘဝမှာ အထူးခြားဆုံးနဲ့ ကျေနပ်ဂုဏ်ယူစရာတစ်ခုကို ထုတ်ပြပါဆိုရင် ဆရာတော်ကြီးကိုယ်တိုင် ပို့ချတဲ့ ဓမ္မာစရိယစာချတန်းရဲ့ ရှေ့ပြေးစာဆိုတော်ဖြစ်ခွင့်ရခြင်းပါပဲ။ (စာဆိုတော်ဆိုတာ သင်ခန်းစာတစ်ခုကို ဆရာက တစ်ကြိမ်ပို့ချပြီးတာနဲ့ ကျန်တဲ့အတန်းဖော် စာလိုက်ဖော်တွေအတွက် အဆူအငေါက်ခံပြီး ပြန်ဆိုပြရတာကို ခေါ်ပါတယ်) အမှားအယွင်းဆိုမိတဲ့အခါတိုင်း “ငယ်မောက်! ငယ်လေမောက်လေပါလား ကွ” လို့ အရွဲ့ခံရပါတယ်။အဲဒီခဏတိုင်းဟာ ဆရာတော်ကြီးဆီကရလိုက်တဲ့ နွေးထွေးမှု “နိကန္တိက” လေးများပါပဲ။
ဒီတစ်ခေါက် နွေရာသီမြန်မာပြည်ပြန်တုန်းကလည်း သွားဖူးဖြစ်တယ်။ တစ်နေ့အိပ်ချိန် (၂)နာရီခန့်သာ ရှိတဲ့ဆရာတော်ကြီးဟာ ထူးထူးခြားခြား ကိုယ်ရေစစ်သွားခဲ့ပါပြီ။ ဇရာရဲ့ အထုအထောင်းကြားက ပြုံးပြီးတော့ သြဝါဒချွေပါတယ်။
“အေး..အေး..သာသနာ့လမ်းကြောင်းပေါ်မှာ မျက်ချေပြတ်ပြီး လည်မသွားစေနဲ့၊ လဲမသွားစေနဲ့” ဆိုတဲ့စကားက ခုထိ နားစည်ထဲမှာ အကျယ်ကြီးမြည်ဟီးနေတုန်းပါ။


မှက်ချက်။ ငမောက်ဆိုတာ ဆရာတော်ကြီး ချစ်စနိုးပေးထားသော Nick Name ပါ။

2 comments:

Han said...

ကြိုးစားအားထုတ်မှု အားလုံးအတွက် ဂုဏ်ယူ၊ အားကျ၊ လေးစားကြည်ညို ရပါ၏ ဘုရား။
“လည်မသွားစေနဲ့၊ လဲမသွားစေနဲ့ ”
ဆိုတဲ့ဆရာတော်ကြီးရဲ့ ဆုံးမစာလေးက အားလုံးအတွက်တန်ဘိုးရှိလှပါ၏ ဘုရား ။

Han said...

ပတ္တမြား ဆိုတော့ နွံမနစ်တာသေချာတယ် ဘုရား။