Saturday, July 9, 2016



ဒကာကြီးဇူကာဘတ်ကျေးဇူးပါပဲ၊ ပဲခူးက ငယ်ဆရာတစ်ပါးနဲ့ အဆက်အသွယ်ပြန်ရတော့ အိပ်မက်တွေတစ်လှေကြီးနဲ့ ဘဝကိုစူးစမ်းရှာဖွေစ ဆယ်ကျော်သက်အရွယ်တုန်းက ပုံရိပ်တွေ တရေးရေးပြန်ပေါ်လာတယ်။ ဖြစ်နိုင်တာတွေရော မဖြစ်နိုင်တာတွေရော၊ တခါတရံ စိတ်အလိုလိုက်ပြီး ဆိုးခဲ့မိုက်ခဲ့တာတွေရောပေါ့။
ဆရာ့အရိပ်မှာ ပထမဆုံးခုံလှုံခွင့်ရတဲ့နေ့ဟာ (၁၅)နှစ်ပြည့်ဖို့ နှစ်လအလို။ရောက်ရောက်ချင်း ကျောင်းဝင်းထဲကသရက်သီးမှည့်တွေ လိုက်ကောက်ရင်း “နဂါးနိုင်ဓား” တရုတ်သိုင်း ဝတ္ထု(၁၀)အုပ်တွဲကြီး ခိုးဖတ်ခဲ့ရတာ အရသာတစ်ခုပါပဲ ။ (၃)ရက်မြောက်မှာတော့ ရတနာ့ဂုဏ်ရည်ကျမ်းစာထဲက “ ဥုံ..နမော တေ ဝိဇေတုံ မေ ” ဂါထာကို အကိုဆရာရင်းဆီမှာ ပြန်ဆိုပြရတယ်။ ရုပ်ဆိုးဆိုး အသားမဲမဲ အရပ်ကလန်ကလားနဲ့ လူပျိုပေါက်ကိုရင်ကြီးဟာ ရှင်ငယ်တွေနဲ့ အတူ ကြက်ချေးတန်းမှာ နေရာရပါတယ်။
ဘဝမှာ အပျော်ရဆုံးနေ့စွဲတွေထဲက တစ်ခုကိုသာ ရွေးချယ်ရမယ်ဆိုရင် ပထမဆုံး တိုက်တွင်းစာမေးပွဲရဲ့ အောင်စားရင်းထိပ်က သူ့နာမည်လေးပါပဲ။နောက်တော့လဲ ချော်လိုက် တော်လိုက်၊ ကောင်းလိုက် ဆိုးလိုက်နဲ့ ငါးနှစ်တာဟာ ခဏလေးလိုပါပဲ။ ဆရာသခင်ရဲ့ ချီးမြှောက်မှုတွေထဲက အမှတ်တရအဖြစ်ဆုံးကတော့ သင်္ကန်းမညီလို့ အဆူခံရချိန်ရယ်၊ သင်္ကန်းတန်းမှာ သူ့နေရာသူ မလှန်းလို့ အရိုက်ခံရတာရယ်ပါပဲ။ အဲဒီကျေးဇူးကြောင့်လည်း အခုချိန်ထိ စည်းကမ်းတကျ သေသေသပ်သပ်နဲ့ နေတတ်သွားတယ်။
လူကြုံလေးရှိတာနဲ့ “ဆရာတော် ကျန်းမာပါရဲ့လား၊ ဂျပန်ကနေ ဘာများအလိုရှိပါသလဲ ဘုရား” လို့ မရဲတရဲလျှောက်မိတယ်။ ဆရာတော့်အဖြေက ချစ်စရာကောင်းသလို ဆရာ တပည့်ကြားက နွေးထွေးမှုကိုလည်း ခံစားလိုက်ရတယ်။
“အေး..အေး..ကျန်းမာပါတယ် ကွယ်။ အခက်အခဲမရှိရင်တော့ ဂျပန်က ရေညှိဟင်းချိုလေး သဘောကျသား” တဲ့လေ။ခေတ်ပေါ်တန်ဖိုးကြီးပစ္စည်းစသည် ဘာတစ်ခုမှ အလိုမရှိပဲ အလွယ်တကူရနိုင်တဲ့ ရေညှိ ဟင်းချိုလေးပဲ မှာရှာတဲ့ဆရာ။

သင်္ကန်းမညီလို့ အဆူခံရတုန်းက ချောင်လေးမှာကုပ်ပြီး ကျခဲ့ရတဲ့မျက်ရည်နဲ့ ဒီတစ်ခါ ကျတဲ့ မျက်ရည် ခံစားမှုချင်း မတူတဲ့အကြောင်းတော့ ဆရာတော်သိအောင် လျှောက်မ နေတော့ပါဘူးလေ။ နို့..၊ လျှောက်စရာလည်း လိုမှ မလိုပဲကိုး။

“လူကြီးဆိုတာ လူငယ်တွေ အလိမ်ခံရဖို့ လူဖြစ်လာတာ”ဆိုတဲ့စကားကြားမိတိုင်း ကာတွန်းလေးတစ်ခုကို သတိရမိတယ်။ အဖွားဆုံးလို့ဆိုပြီး ခဏခဏခွင့်တိုင်တဲ့ကျောင်း သားကို ဆရာမက မကြည်တော့တဲ့အဆုံး…
“မင်းအဖွားကလည်း ခဏခဏဆုံးနေပါလားကွယ့်”
“မတတ်နိုင်ဘူးဆရာမ၊ ကျနော့်အဖိုးက မိန်းမတွေအများကြီးယူထားတယ်လေ”

ပဲခူးက ဆယ်ကျော်သက်ဘဝဆီ ပြန်သွားတဲ့အခါ အထက်ပါ ကျောင်းသားလို အဖြစ်မျိုး ရှင်ငယ်တိုင်းမှာ ရှိဖူးတယ်။အားလုံးက ချစ်ကြောက်ရိုသေရတဲ့ တိုက်အုပ်ဆရာတော်ထံ အပြင်ထွက်ဖို့ ခွင့်ပန်ရင်း အကြောင်းအမျိုးမျိုးပြ လိမ်ညာပြီး ပိုက်ဆံထုတ်ခဲ့ကြတာ လွမ်းမိသေးတော့။ အများစုကတော့ သပိတ်ဝယ်ဖို့တဲ့လေ။ ကြာတော့လည်း သိသိကြီးနဲ့ မေးယူရတော့တယ်။ “ မင်းတို့သပိတ်ကလည်း ခဏခဏကွဲနေပါလား”…။
တိုက်အုပ်ဆရာတော်ဆိုတာ သူ့အရပ်အမောင်းထက်မြင့်တဲ့ ဘွဲ့တွေတသီကြီးနဲ့ တရားဟောကော၊ စာချပါထူးချွန်တဲ့အာဇာနည်တစ်ပါးပါ။မှတ်မှတ်ရရ တစ်ပတ်ရစ်ဖယောင်းစက်ကလေးနဲ့ ကိုယ်တိုင်စာအုပ်အဖြစ်စီမံပြီး ဒုတိယဆင့်ဝီထိပို့ချစဉ်လေး ဓမ္မဒါနပြုပေးခဲ့တာ သတိရမိသေး။ အဲဒီကာလတွေတုန်းက တစ်နေ့ကို စာဝါ(၇)ကြိမ်ခန့် ပို့ချပေးခဲ့တဲ့ ဆရာ့ကျေးဇူးတွေကြောင့် ခုလို အဘိဓမ္မာလိုက်စားတဲ့နိုင်ငံခြားသားတွေကို လက်ဆင့်ကမ်း အကျိုးပြုနေနိုင်တာပါ။
တိုက်တာဟာ မိသားစုစနစ် ဖွဲ့စည်ပုံနဲ့ သာသနာပြုခဲ့ကြလို့လားမသိ၊ ဆင်းရဲပေမယ့် အများစုက ပျော်ကြတယ်။ သင်္ကန်းအပိုမရှိလို့ စာမေးပွဲအောင်အောင် ကြိုးစားခဲ့ရတာတို့၊ဆွမ်းခံမထွက်နိုင်တဲ့အခါ ဆရာဥူးဇင်းရလာတဲ့ ဆွမ်းဟင်းကို တစ်ဝက်စီမျှပြီး စားခဲ့ရတာတို့၊တစ်ဖက်က စာကျက်ရင်း ညနက်သန်းခေါင်ကြီး ကျောင်းဆောက်ဘိလပ်လောင်းခဲ့ရတာတို့ အစုံပါပဲ။အများသူငါလို ဝေယျာဝစ္စပိုင်းမှာ သိပ်အားမကိုးရပေမယ့်လည်း ချွေးထွက်ခဲ့ပါတယ်။ (ဒီလိုအခက်အခဲတွေ မရှိသလောက်နည်းတဲ့ ခုခေတ်ရှင်ရဟန်းပျိုတွေ ဘာလို့များ သာသနာ့ဘောင်မှာ မပျော်ကြပါလိမ့်နော်)
ပဲခူးကနေ ရန်ကုန်ကို အပြီးပြောင်းရွှေ့ဖို့ သွားကန်တော့တဲ့အခါ စကားနည်းတဲ့ ဆရာဟာ “အေး” ဆိုတဲ့သြဝါဒလေးတစ်လုံးပဲ မိန့်ပါတယ်။အနေအေးသလောက် ရေအေး ကြောက်တဲ့ ဆရာသမားအတွက် ဒီတစ်ခါ လူကြုံကောင်းနေတော့ ရေမလိုတဲ့ ခေါင်းရိပ်စက်ကလေးနဲ့ ကန်တော့မလားလို့စဉ်းစားထားတယ်(ပလီပလာဆို ကြည့်မရတဲ့ဆရာသမားများ ဒီစာဖတ်မိရင် အပိုပါကွာဆိုပြီး နှုတ်ခမ်းထော်နေမလားပဲ) ။ အဲဒီနေ့ကလည်း ပဲခူးမှာ မိုးတွေ ညိုနေခဲ့တဲ့အကြောင်း သတိထားမိသူဟာ သူတစ်ယောက်ထဲများလားကွယ်။

1 comments:

Han said...

အရှင်ဘုရားအပါအဝင် စည်းကမ်းရှိသော၊ စာကြိုးစားသော၊ သင်္ကန်းသပ်သပ်ရပ်ရပ်ဖြင့် အိနြေ္ဒရှိသော
ရဟန်းတော်များ၊ စည်းကမ်းရှိအောင်သင်ကြားပေးသော ဆရာတော်ကြီးများအား အထူးလေးစား ကြည်ညိုမိပါ၏ဘုရား … _/\_ _/\_ _/\_