Saturday, July 9, 2016

အတင်းပြောခြင်းအနုပညာ

ယောကျာ်းဖြစ်စေ၊မိန်းမဖြစ်စေ၊ဘုန်းကြီးဖြစ်စေ၊သီလရှင်ဖြစ်စေ၊အနည်းနဲ့အများတော့ အတင်းပြောဖူးကြမယ်ထင်တယ်။တစ်ချို့ကျတော့ အတင်းပြောရတာ ဝါသနာပါလို့ကို ပြောနေတာ။ ဘာပဲဖြစ်ဖြစ်လူသားမျိုးနွယ်စုတွေ တည်ရှိနေသမျှ အတင်းပြောခြင်း အနုပညာကတော့ ဆက်လက်ရှင်သန်နေအုံးမှာပါပဲ။
ရဟန်းသံဃာဆိုတာ ပရိယတ်၊ပဋိပတ်(၂)မျိုးကိုသာဇောက်ချလုပ်ရတဲ့ဗုဒ္ဓခေတ်ကနေ တဖြေးဖြေး ရွေ့လျားလာလိုက်တာ ခုခေတ်မှာတော့ ဒကာ၊ဒကာမတွေရဲ့ အပူတွေကို နားထောင်ပေးရတဲ့ အလုပ်တစ်ခုပါ တိုးလာပြီလို့ ပြောရမလိုပါပဲ။အဲဒီလို နားထောင်ရင်းကနေ တစ်ချို့ကသူတစ်ပါးအတင်းလေးတွေပါ သယ်သယ်လာတတ်ကြတယ်။
ဒီမနက်ကပဲ ဒကာမတစ်ဦးက ဖုန်းထဲကနေ လှမ်းလျှောက်ပါတယ်။ “အရှင်ဘုရား..တစ်ခုမေးချင်လို့ပါ။ အတင်းပြောတာ ငရဲကြီးပါသလား” တဲ့။ ဖတ်ဖူးထားတဲ့ သာဓကလေးတွေနဲ့ ရှင်းပြရပါတယ်။ မစ်ချီဂန်တက္ကသိုလ်ရဲ့ သုတေသနတစ်ရပ်အဆိုအရ ကျောင်းသူပေါင်း ၁၆၀ ကျော်ကို အုပ်စုခွဲပြီး လေ့လာကြည့်တဲ့အခါ အတင်းပြောပြီး ဗဟုသုတဖလှယ်ကြတဲ့မိန်းခလေးတွေက စကားနည်းပြီး အတင်းမပြောတတ်တဲ့ မိန်းခလေးတွေထက် ပိုပြီး ကျန်းမာပျော်ရွှင်နေကြတာကို တွေ့ရပါသတဲ့။
အထူးခြားဆုံးကတော့ လူနှစ်ယောက် အတင်းပြောနေတဲ့အခါ သူတို့ရဲ့ စိတ်ပိုင်းဆိုင်ရာ ရင်းနှီးယှက်နွယ်မှုဟာ ပိုပြီးခိုင်ခံ့လာသလို Progesterone တွေလည်း ပိုပြီး ထုတ်လုပ်လာနိုင်တာပါပဲ။ ဒါ့ကြောင့် အတင်းပြောခြင်းဟာ လူအချင်းချင်း ချစ်ခင်ရင်းနှီးစေခြင်းကို ဖြစ်စေပါတယ်။
အဲ..ဆိုးကျိုးအနေနဲ့ပြောပါဆိုရင်တော့ ဗုဒ္ဓဝါဒအရ မကောင်းမှုကျူးလွန်လိုက်တာပါပဲ။ ဘာလို့လဲဆိုရင် အတင်းပြောခြင်းဟာကံငါးပါးထဲက မုသာဝါဒနဲ့ငြိနေသလို ဝစီဒုစရိုက်လေးပါးနဲ့လည်း မလွတ်ပြန်ဘူး။ မပြောရရင် မနေနိုင်ဘူးဆိုရင်တော့ ပြောပါ။ နားနားပြီး ပြောပေါ့။ တနည်းအားဖြင့် အနုပညာမြောက်အောင် ပြောပါလို့ တိုက်တွန်းပါရစေ။ အတင်းပြောတာတွေ ရပ်တန့်သွားဖို့ဆိုရင်တော့ ဆာတိုးရီကို မျက်မှောက်ပြုဖို့လိုလိမ့်မယ်နော်။ “အတင်းအဖျင်းတွေ မကြားရတဲ့အခိုက်အတန့်ဟာ ဆာတိုးရီ” ပဲ မဟုတ်ပါလား။

1 comments:

Han said...


မအားတာရယ်၊ စကားပြောရမှာ ပျင်းတာရယ်ကြောင့် အတင်းပြောတဲ့ကိစ္စတွေ ပါးသွားတယ် ဘုရား။
အချိန်ပြည့် ဆာတိုးရီ ဖြစ်ရန်ကြိုးစားနေပါ၏ ဘုရား ။