Saturday, July 9, 2016


“ 悟り寺 “
ဆာတိုးရီ ကျောင်းသင်္ခမ်းဆီရောက်လာတဲ့ ဂျပန်အမျိုးသားတစ်ဦးက ရောက်မဆိုက် မေးလာတယ် ။

“ တစ်ပါးထဲ မပျင်းဘူးလား။ ပြီးတော့ တိတ်ဆိတ်နေတာပဲ။ ညည ချောက်ခြားစိတ်တွေဖြစ်မှာပေါ့” တဲ့။

ပုံပြင်လေးတစ်ပုဒ်ပြောပြရတယ်။ တစ်ခါတုန်းက အဖိုးအိုတစ်ယောက်ကသူအင်မတန်မြတ်နိုးတဲ့ ရှေးဟောင်းနာရီတစ်လုံး ဂိုဒေါင်တစ်ခုထဲမှာ ကျပျောက်သွားခဲ့တယ်။ ဂိုဒေါင်ထဲမှာကျပျောက်တာမှန်း သေချာသလောက်နီးနီးရှိပေမယ့် ပစ္စည်းတွေနဲ့ ရှုပ်ပွနေတော့ လွယ်လွယ်နဲ့ ရှာမတွေ့ ။ အိမ်သားတွေပါဝိုင်းကူရှာပေးပေမယ့် လက်လျှော့ရလုနီးနီးဖြစ်နေချိန် ကလေးတစ်ယောက် ဝင်လာပြီး သူ့ ကိုရှာခွင့်ပေးဘို့ တောင်းဆိုသတဲ့။

အားလုံးက မယုံသင်္ကာနဲ့ ပဲ ခွင့်ပြုလိုက်တဲ့အခါ ရှိသမျှလူအားလုံးကို ဂိုဒေါင်အပြင်ထွက်ခိုင်းလိုက်တယ်။
ခဏနေတော့ အပြင်ပြန်ထွက်လာတဲ့ကလေးငယ်ရဲ့ လက်ထဲမှာ နာရီလေးတစ်လုံး။ အံ့သြဝမ်းသာစိတ်နဲ့ ဘယ်မှာတွေ့ တာလဲ၊ ဘယ်လိုရှာသလဲနဲ့ ဝိုင်းမေးကြတော့ ကလေးကလက်ကာပြတယ်။ 


တကယ်တော့ အဲဒီကလေးဟာ အထဲကရှိသမျှလူ အကုန်ထွက်ခိုင်းပြီးတော့ ဘယ်မှ သွားမရှာပဲ တံခါးပိတ်ပြီး ဂိုဒေါင်အလယ်မှာသွားထိုင်နေတာပါ။ အသံဗလံတွေကင်းဆိတ်သွားချိန်မှာ စောစောကရှာမတွ့ တဲ့နာရီလေးရဲ့ လက်တံဟာ ချက်....ချက် .. ချက် .. နဲ့ ပီပီပြင်ပြင် ကြားလာရပါတယ်။ အလွယ်တကူပဲ နာရီကိုရှာတွေ့ သွားခြင်းရဲ့အဖြေဟာ ဘာလို့ ထင်ပါသလဲ။

တစ်ခါတစ်ရံ သင့်ဘဝမှာ ဘာကိုမှ ဆုံးဖြတ်ချက်ချလို့ မရအောင် ရှုပ်ထွေးနေတဲ့အခါ တစ်ယောက်ထဲ တိတ်တိတ်လေးနေကြည့်လိုက်ပါ။ တစ်ဆက်တည်းမှာပဲ ကိုယ့်စိတ်လေးကို မသိမသာစောင့်ကြည့်ရင်းပေါ့။
ပြုံးပြုံး ပြုံးပြုံးနဲ့ နှုတ်ဆက်ပြီးပြန်သွားတဲ့ အမျိုးသားကို ဘာစကားတစ်ခွန်းမှမဆိုဘဲ တိတ်တိတ်ကလေးဘဲနှုတ်ဆက်လိုက်ပါတယ်။ ဆာတိုးရီ ကို “တိတ်ဆိတ်သိမှုခဏ“ လို့ (ဘယ်သူ့ ကိုမှ မပြောပဲ ) သူ့ အဘိဓာန်သစ်မှာ ချရေးလိုက်မိတော့တယ်။ 

1 comments:

Han said...

တိတ်ဆိတ်မှုကိုနှစ်သက်တဲ့အပည့်တော်အတွက်တော့ မကြာခဏ တိတ်တဆိတ် ကိုယ့်စိတ်ကို
သတိထားဖြစ်ပါတယ် ဘုရား … ။
(ဆာတိုးရီ = “တိတ်ဆိတ်သိမှုခဏ“) နှစ်သက်မိပါ၏ ဘုရား … _/\_ _/\_ _/\_