Sunday, July 12, 2015

(က)
ချွေးလေးတစိုစိုနဲ့ ပြန်လာတဲ့သူ့ကို မြို့လေးက 七夕(တနဘတ) ပွဲတော်နဲ့ ကြိုရှာတယ်။ မြို့တော်ရဲ့ ပန်းကလေးတွေဟာ နေရောင်အောက်မှာ သူ့ထက်ငါ အလုအယက် ပွင့်နေကြ။ ကီမိုနိုဖားဖားကြီးတွေနဲ့ တစ်တောက်တစ်တောက် လမ်းလျှောက်ဟန်ဟာ ဂျပန်တွေရဲ့ ရှေးမူမပျက်ယဉ်ကျေးမှုတစ်ခုပဲလား။ တနဘတပွဲတော်ဆိုတာက တစ်နှစ်တာအတွင်း ဖြစ်ချင်တဲ့ ဆန္ဒကို ရောင်စုံစက္ကူပေါ်မှာ ရေး ပြီး ဝါးပင်လေးတွေမှာ ချိတ်ဆွဲဆုတောင်းရတဲ့ပွဲ။ ဒီရာသီရောက်ပြီတဲ့ဆိုရင် မြို့တိုင်းရွာတိုင်းမှာ ရောင်စုံ ဝါးပင်လေးတွေနဲ့ ဂျပန်ပြည်ဟာ 明治 (မဲဂျိ) ခေတ်ကို ပြန်ရောက်သွားသလိုပါပဲ။

(ခ)
七夕お祭りလို့ ခေါ်တဲ့ ကြယ်ပွဲတော်ဟာ လူသားဆန်တဲ့ လူငယ်နှစ်ဦးကနေ စတင်ပေါက်ဖွားလာတဲ့ ဒဏ္ဍာရီတစ်ခုပါ။ ရိုးရာမပျက် ဟိုး..ရှေးရှေးတုန်းကနဲ့ အစပြုရရင် နတ်မင်းကြီးတစ်ပါးမှာ အလုပ်ကြိုး စားသလို အရမ်းလည်း လှပတဲ့ おり姫 ဆိုတဲ့ သမီးတော်တစ်ပါး ရှိခဲ့တယ်။ သူ့ရဲ့ အလုပ်ကတော့ နတ်မင်းတွေအတွက် အဝတ်အထည်တွေ ချုပ်လုပ်ပေးရတာပါ။ အရွယ်ရောက်လာတော့ သမီးတော် လေးလိုပဲ အလုပ်ကြိုးစားတဲ့ 彦星 ဆိုတဲ့ လူငယ်လေးနဲ့ နေရာချပေးဖို့ သဘောတူထားကြပါသတဲ့။သူ ငယ်လေး အလုပ်ကတော့ နွားတွေကို ကျွေးမွေးစောင့်ရှောက်ရတဲ့ အလုပ်ဖြစ်ပါတယ်။

(ဂ)
သူတို့နှစ်ဦးဟာ မြင်မြင်ချင်း မေတ္တာသက်ဝင်ပြီး မျက်စိအောက်က မပျောက်နိုင်လောက်အောင် ချစ်ခင် ကြပါသတဲ့။ တစ်ဖက်မှာ အလုပ်ကိုယ်စီ လစ်ဟင်းကုန်တဲ့အထိဆိုပါတော့။ ဒီလိုနဲ့ သမီးတော်လေး အ လုပ်မလုပ်တော့တဲ့အတွက် နတ်မင်းတွေမှာ အဝတ်အစားရှားပါးလာသလို၊ သူငယ်လေးရဲ့ နွားတွေမှာလည်း ရောဂါထူပြောပြီး သီးနှံတွေ မဖြစ်ထွန်းတော့ပါဘူး။ ဒီအကြောင်းကို နတ်မင်းကြီးကြားတော့ စိတ်ဆိုးပြီး သူတို့နှစ်ဦးကို ကိန္နရီချောင်းခြားပစ်လိုက်တော့ပါပဲ။ ဒါပေမယ့် သမီးတော်လေးရဲ့ ချစ်ဒုက္ခဟာ ဦးဘညွန့်ထက် ဆိုးနေပုံရပါတယ်။ သူငယ်လေးဟာလည်း “အချစ်ဟာ မီးလား ”သီချင်းကို ဂစ်တာတစ် လက်နဲ့ ညတိုင်း မနားတမ်းဟစ်ပါသတဲ့။

(ဃ)
နောက်ဆုံးတော့ သမီးတော်လေးရဲ့ ချစ်ဒုက္ခကို မကြည့်ရက်တော့တဲ့ နတ်မင်းကြီးခင်မျာ တစ်နှစ်မှာ တစ်ကြိမ်တော့ တွေ့ခွင့်ပေးလိုက်ပါသတဲ့။ အဲဒီရက်ဟာ (၁၈၇၂) ခုနှစ်အထိ အသုံးပြုခဲ့တဲ့ ကလင်ဒါ အရ (၇)လပိုင်း (၇)ရက်ဖြစ်ပြီး၊ လက်ရှိပြက္ခဒိန်အရတော့ (၈)လပိုင်း(၇)ရက်ဖြစ်ပါသတဲ့။ဘယ်လိုပဲဖြစ် ဖြစ် သူတို့နှစ်ဦးဟာ အလုပ်တွေ ပြန်ကြိုးစားရင်း တွေ့ရမယ့်ရက်ရောက်ဖို့ လက်ချိုးလို့ရေတွက်ခဲ့ကြမှာပါ။ တွေ့ရမယ့်ရက်ရောက်တိုင်း သမီးတော်လေးဟာ မြစ်ကို ဖြတ်ပြီး သူငယ်လေးရှိရာ သွားရောက်တွေ့ဆုံပါ တယ်။ ဒါ့ကြောင့် အဲဒီညလေးလို ကြယ်တွေလင်းလက်တောက်ပနေတဲ့အချိန် ဆုတောင်းရင် ပြည့်တယ်ဆိုတဲ့ အယူအဆဖြစ်လာခဲ့ပါသတဲ့။

(င)
တကယ်လို့များ အဲဒီညမှာ မိုးရွာခဲ့ရင်တော့ မြစ်ရေကြီးလို့ ချစ်သူနဲ့ တွေ့ခွင့်မရတဲ့ သမီးတော်လေးရဲ့ ကျမျက်ရည်တွေလို့ ဆိုပါတယ်။တနဘတ( ကြယ်ပွဲတော်)မှာ ဆုတောင်းစာလေးတွေ ဝါးပင်မှာ ချိတ်ပြီး တစ်တောက်တစ်တောက် လျှောက်သွားနေတဲ့ ရောင်စုံတွေကြား သူကတော့ တစ်ဘာသာဆန်လို့ နေပါတယ်။ သူ့လက်နဲ့ ရေးပြီး ချိတ်ဆွဲခဲ့တဲ့ ဆုတောင်းစာလေးဟာ အနည်းငယ် ရယ်ပွဲဖွဲ့ချင်စရာ ဖြစ်နေလို့ပါပဲ။ ဘာပဲဖြစ်ဖြစ် အဲဒီနေ့မှာ မိုးရွာသည်ဖြစ်ဖြစ်၊ ကြယ်သာသည်ဖြစ်စေ ကလေးတွေကတော့ သူ့ကို ကျေးဇူး တင်နေမှာပါလေ။ ကျေးဇူးအတင်မခံချင်သည့်တိုင်အောင်ပေါ့။

ရှင်မားရု
၁၂၀၇၂၀၁၅

1 comments:

Han said...

ကြယ်ပွဲတော်အကြောင်းသိခွင့်ရတဲ့အတွက် ကျေးဇူးပါဘုရား …
အလုပ်ကိုသာဦးစားပေးလုပ်ကြတဲ့ခုခေတ်ဂျပန်တွေလိုသာဆို
ဒီဘိုဒဏ္ဍာရီမျိုးမဖြစ်ခဲ့မှာသေချာတယ် ဘုရာ့ :)