Saturday, September 1, 2012

ဘုန်းကြီးကျောင်းမှ တုံးမောင်းခေါက်သံနှင့်
မနက်မနက် နှိုးစက်မြည်သံ၊ မြို့လယ်နာရီစင်မှ အချက်ပေးသံ၊

အရှေ့ဘက် အိမ်ခေါင်းရင်းမှ ဘုရားရှိခိုးသံ၊ ကြေးစည်သံနှင့်
"ဟိုအကောင် ခုထိ ကျိုးတုန်းလား..ထတော့ "စသဖြင့် ဆူပူသံ၊

"ဘော ဒေဝပုတ္တ - အို နတ်သား "မင်္ဂလသုတ်ကို
လေရှည်ဆွဲကာ ကုန်းအော်နေကြသည့် ကျောင်းသားများ၏ စာအံသံနှင့်
ကျောင်းကားဘီးလှိမ့်သံ၊စာသင်ခန်းတွင်း ဖုန်းမြည်သံ၊ကီးဘုတ်တတောက်တောက်ရိုက်သံ၊

ရွာထိပ်ရောက်သည်နှင့်" ဂျောက်ဂလင်ဂျောက် "တည်းဟူသော ယက်ကန်းယက်သံနှင့်
လမ်းထိပ်အရောက်" ဆေးလိပ်လား ကွမ်းယာလား ဆွဲ ဆရာရေ့ နောက်ကားပါတယ် "နိစ္စဓူဝသံ၊

"မိထူးရေ..နွားတွေ လွှတ်ပါတော့ဟဲ့ "မိခင်က နွားကျောင်းခိုင်းသော အသံနှင့်
"သားရေ..ဂိမ်းဆိုင်ဘက် ၀င်မနေနဲ့အုံးနော် မိုးချုပ်မယ် "မှာနေကျ စိတ်ပူသံ၊

"ဒီနွားနှယ်..ကြည့်စမ်း၊ ကတောက် ကတောက် ဗျင်း "ဆီဆုံမှ နွားကို တက်ခေါက်မောင်းသံနှင့်
"အဖေရေ..ဒီကောင်ကြီး အင်ဂျင်ချရတော့မယ်ထင်တယ် "ကားကို ကြည့်ရင်း စိတ်ပျက်ညီးညူသံ၊

"နီတာရေ...သလောင်းဖုံးထဲက မှင်းကြမ်းကို ညှက်ခဲလေးနဲ့ သားပြီး လယ်တောသွားဦးဟဲ့"
အဘွားလုပ်သူမှ မြေးကလေးကို ချော့မော့စေခိုင်းသံနှင့်
"သား..ဒီနေ့ သူငယ်ချင်းတွေနဲ့ ချိန်းထားလို့ ညစာအပြင်မှာ စားခဲ့လိုက်တော့မယ် "မလှိမ့်တပတ်သံ၊

ပုဂံပြည့်ရှင် စောလူမင်း၏ "ကျန်စစ်သား ငါ့ကို ခိုးသည်" အော်သံနှင့်
နာလန်ထစ တိုင်းပြည်၏ လက်ဆွဲနှုတ်ဆက်ဟဲလိုသံ၊ သူခိုးက လူဟစ်သံ၊ လွှတ်တော်သံ၊

ဘုရင့်နောင် ကျော်ထင်နော်ရထာ၏ ဖောင်ဖျက်သံ၊ စီးချင်းထိုးသံနှင့်
သမ္မတကြီး ဦးသိန်းစိန်လက်ထက် နောက်ကြောင်းပြန်မလှည့် ကတိပေးသံ၊ မြစ်ဆုံသံ၊ ရိုဟင်ဂျာသံ၊ ရခိုင်ပြည်နယ် အရေးပေါ်ပုဒ်မ (၄၁၂)အမိန့်သံ၊ လက်ခုပ်သံနှင့် ဆဲဆိုသံ၊

ပလ္လင်ထက်မှ "သတည်း "အဆုံး သာဓုခေါ်သံနှင့်
စင်ထက်မှ "ဟုတ်ကဲ့ အားလုံးကို ကျေးဇူးတင်ပါတယ် "သံ၊

ခုလို အစီရင်ခံနေစဉ်အတွင်းမှာပဲ
မဆုံးနိုင်သော ဟိုအသံ ဒီအသံ၊ ခေါ်သံ၊အော်သံ၊ ညှော်သံ၊ မျှော်သံ၊ သရော်သံ၊ ဘော်သံတို့နှင့်အတူ
မြည်မာပြည်ကြီး အသံဝင်သွားပါကြောင်း ပြောကြားရင်း
မြန်မာပိုင်းအစီအစဉ် ဒီတွင် ပြီးဆုံးပါပြီ။


(မောနေယျ)
၀၁၀၉၂၀၁၂

ကျမ်းကိုး။ ။
ရွှေဥဒေါင်း၏ မြတ်သက်မော် အခန်း(၁)
မျက်မှောက်ခေတ် သတင်းများ



3 comments:

Anonymous said...


အသံရောင်စုံ ... :)

မြတ်ပန်းနွယ် said...

စာလာဖတ်ပါသည် အရှင်ဘုရား။

ရိုသေစွာဖြင့်
မြတ်ပန်းနွယ်

မြတ်ပန်းနွယ် (Myat Pan Nwe) said...

ရောက်ခဲ့ပြန်ပါပြီ အရှင်ဘုရား။
စာအသစ်တွေ တင်ပါဦး။

ရိုသေစွာဖြင့်
မြတ်ပန်းနွယ်