Wednesday, February 29, 2012

ပြောရသော် ကောင်းအံ့မထင် ။ သည်စာသည် ကဗျာမဟုတ်။  ကဗျာသည် သူ့ထက် ကဗျာဆန်သောကြောင့် ကဗျာမရေးချင် ။ ကဗျာသိက္ခာကျနိုင်သောကြောင့်ဖြစ်၏။ ထို့ကြောင့် ရေးတတ်သလို ရေးလိုက်၏။ ယခုရေးလတံ့သော စာအား ကံဆိုးသူများ ဖတ်မိနိုင်သည်။ (၀ါ) မတော်တဆ ဖတ်မိသူများ ကံဆိုးသွားနိုင်၏။ နာမည်ကြီး ရှေးခေတ် စာရေးဆရာတစ်ဦးစကား ငှားသုံးရသော် ကျွန်တော်ကော ဘာများ တတ်နိုင်ပါမည်နည်း။ 


သူသည် ဘ၀ကို အကျယ်ချုပ်ဖြင့် ကြပ်တည်းစွာ ရှင်သန်လာခဲ့သည်မှာ ကြာပြီဖြစ်၏။ သံသရာကို စုန်ချည် ဆန်ချည် ကူးခတ်၍ မမောသေးသမျှ ယင်းသို့ပင် အသက်ရှူကြပ်နေအုံးမည်သာ ဖြစ်၏။ သံသရာဝဲဂယက်မှာ သူ ရေကောင်းကောင်း မကူးတတ်သေးပါ။ အို..မိတ်ဆွေ..။ သနားတော် မစောလိုက်ပါနှင့်။ သင်လည်း ထိုနည်းလည်းကောင်းသာ ဖြစ်၏။


အတိတ်တစ်ချို့ကို မမှတ်မိ။ မမှတ်မိခြင်းသည်ပင် ခပ်ကောင်းကောင်းဖြစ်၏။ မှတ်မိသမျှသည် အထီးကျန်စွာ နွေဆန်နေတတ်သောကြောင့်တည်း။ နွေသည် အိမ်ရှေ့တံခါးသို့ အေးစက်စက်ဖြင့် ရောက်လာသော်လည်း မည်သည့် ဥသြကမျှ သူ့အီးမေးဒေါ့ကွန်းသို့ စာပို့ဖော်မရ..။ အနည်းငယ်တော့ အောင့်သက်သက်ဖြစ်မိသေး၏။ ပူလွန်း၍ လေအေးပေးစက် ထဖွင့်သော်လည်း တစ်ယောက်ထဲ ချွေးပြန်နေသည်မှာ ဘဇာကြောင့်ပါနည်း။ ခက်ပြီတည်း..။


သူသည် သံသရာကို မုန်းမိ၏။ ဗိုက်ထဲက အနေအထိုင် မတတ်သော ကိလေသာဆယ်ပါးကိုလည်း မကျေနပ်..။ ထို့ကြောင့် မနက်ဖြန်များကို ကြောက်တတ်လာသည်။ မောဟိုက်မှုနှင့် ကိလေသာ မည်သို့ ဆက်စပ်လေသည် သူ မသိ။ သိသည်မှာ ပြေးလွှားမနေသော်လည်း မောနေခြင်းဖြစ်၏။ ကြံကြံဖန်ဖန် မတွေးကြပါနှင့်၊ (သူသည် စီးကရက် လုံးဝ မသောက်တတ်ပါ) ။ ယနေ့မနက် ယင်းမောဟိုက်မှုသည် ချိုမြိန်လိုက်၊ ခါးသက်လိုက်ဖြင့် သူ့အား ကလူကျီစယ်သွားခဲ့သည်။ ထိုသတင်းသည် နောက်တစ်နေ့မနက်တွင် ဟော့ဖြစ်ကောင်း ဖြစ်နေနိုင်၏။ 


သူ့အခန်းလေးသည် အမြဲတစေ သူ့အပေါ် သစ္စာရှိခဲ့၏။ ဆရာကြီး ဘယ်တော့မှ မလုပ်။ သူသည် အခန်းလေး ၏ အထူးဧည့်သည်တော်လည်း ဖြစ်၏။ ယမန်ညက အခန်းလေး၏ ရှိုက်သံ သဲ့သဲ့ကို ကြားမိ၏။ စိတ်မကောင်း။ ထွေးပွေ့ဖို့ အိပ်ယာက ထတော့မှ သိရတော့သည်။ သူ့လက်များ ပျောက်ဆုံးနေပြီတည်း..။ သူနောက်တစ်ကြိမ် မောဟိုက်သွားပြန်သည်..။ မောနေယျမို့ မောမော နေရတာများလားဟု အချို့အချို့၏ ကလူကျီစယ် ဟောကိန်း သည် နားစည်သို့ ၀င်ရိုက်လာသောအခါ အထိတ်တလန့်ဖြင့် အံ့တွေ သြရပြန်၏..။



လူမှုဆက်ဆံရေးသည် သူနှင့် သူစိမ်းပြင်ပြင်။ အထင်တကြီး လေးစားရသော ဟီးရိုးတို့သည် ဇီးရိုးကြီး ဖြစ်နေသည်ကို မြင်တွေ့ရသောအခါ ပို၍ သူစိမ်းပြင်သွားတော့၏။ လူနုံ လူရိုင်းတစ်ဦးသာ ဖြစ်ကြောင်း သူ့ကိုယ်သူ ကောင်းစွာ သဘောပေါက်မိသည်မှာ မကြာသေး..။ သူ့မှာ နေ့တွေ ညတွေ မရှိ။ ထို့အတူ ချစ်သူ၊ မုန်းသူလည်း မရှိ။ သူ ပြုံးမိ၏။ (သူပြုံးလိုက်သည်ကိုလည်း မည်သူမှ မသိလိုက်) သို့သော် အခန်းလေးက သိ၏ မနေ့က ကောင်းကင်တစ်ခု ပြိုအက်ခဲ့ကြောင်း ရိုက်တာ (သို့မဟုတ်) အလားတူ သတင်းဌာနတစ်ခုက ကြေငြာသွား၏။ 



သည်စာကို သည်အထိ ထက်ကြပ်မကွာ လိုက်ဖတ်လာသော သင်သည် ကံဆိုးသွားပြီဖြစ်၏။ အဘယ့်ကြောင့်ဆိုသော် ကံဆိုးသူများသာ မတော်တဆများကို တက်နင်းမိသောကြောင့် ဖြစ်၏။ ကဗျာမဟုတ်ပါ။ နာမ်။ နာမ်စားစသည်တို့ဖြင့် အထူးပြုထားသော ၀ါကျများလည်း မဟုတ်ပါ။ ယခုလောက် နားလည်လျှင်ပင် သင် တစ်ဖန် ကံကောင်းသွားနိုင်သည်။ သူကတော့ အိပ်မောကျနေသော အခန်းလေးအား ရီဝေစွာ ငေးမောအားကျရင်း…။


(မောနေယျ)
၂၉.၀၂.၂၀၁၂ 

3 comments:

မန့်နေကြပိတ်သတ်ကြီးတစ်ဦး said...

အခန်းလေးသည် ငိုရှိုက်လို့ မောသွားပြီ။ ထို့နောက် အိပ်မောကျလေပြီ။
မအိပ်နိုင်သူမှာ သူသာဖြစ်သည်။
စာဖတ်သူ ကံကောင်းပါသည်။
စာတစ်ပိုဒ်ဖတ်ပြီးတိုင်း တစ်ခါ ပြုံးမိသည် :)

အညာသားလေး(ရွှေညာမြေ) said...

မောနေယျမို့မောမောနေရတာများလားဟုတွေးမိတိုင်း
နှလုံးအားဆေးလေးတစ်လုံးလောက်ပစ်သောက်လိုက်မိသည်...။

Anonymous said...

ကံဆိုးနေတာလေးဘဲနေသားတကျရှိပါတယ် ဘုရား ...