Saturday, December 31, 2011

(က)
ပုံပြင်ထဲမှာ
ဘကြီးအောင် ညာတယ်၊

ငယ်ငယ်က အိပ်ရာဝင်ပုံပြင်တွေထဲမှာ ဘကြီးအောင်လည်း ၀င်ဝင်ပြောတတ်သည်..။ ပုံပြင်လေးက လှသည်..။ (ဘကြီးအောင် လှမလှမူ မသေချာ..) သေချာသည်မှာ မောင်ချစ်အုတ်ဂူလေးပေါ်တွင် ရေးထိုးထားသော “လို၍မရသော ဆင်းရဲ” စာတန်းလေးဖြစ်သည်..။ လိုချင်သောအရာကို မရပါက ဆင်းရဲရသလို မလိုချင်သော အရာကို ရနေပြန်လျှင်လည်း ဆင်းရဲရသည်..။ ပုံပြင်ဆုံးတိုင်း ပါးပြင်ပေါ်တွင် စမ်းချောင်းလေးတစ်ခု ဖြတ်စီးသွားတတ်သည်..။ ထို့သို့ဆိုလျှင် မျက်ရည်ကကော လှပပါသလား..? ။

(ခ)
ကဗျာထဲမှာ
အိပ်မက်တွေ ညာတယ်၊

 “ကဗျာသည် လှ၏..။အလှတရားသည် ကဗျာ..”။ သူ့ဘ၀မှာ ပိုင်ဆိုင်တာဆိုလို့ ယင်းကဗျာများသာ ရှိချေ၏။ သို့သော်..။ (ထိုသို့သော်သည် အမှန်တကယ်ဆို ဆက်ရန်မလိုအပ်သော ၀ါကျတစ်ကြောင်းဖြစ်သည်..) ဘ၀သည် ကဗျာ မဟုတ်..။ ကဗျာသည် ဘ၀မဟုတ်..။ စင်စစ်။ ကဗျာသည် ဘ၀ဖြစ်သင့်၏..။ဘ၀သည် ကဗျာဖြစ်သင့်၏..။ သို့သော် ဘ၀သည် ကဗျာဖြစ်မလာ..။ ကဗျာသည် ဘ၀ဖြစ်မလာ..။ ယင်းသို့ဖြစ်မလာသောအခါ ဘ၀သည် ကဗျာကိုယ်စား အိပ်မက်ကို သရုပ်ဆောင်ခိုင်း၏..။ ထို့ကြောင့် အိပ်မက်သည် လူညာဖြစ်ရ၏..။ မဆီမဆိုင် အိပ်မက်တို့ နာမည်ပျက်ရတော့သည်..။

(ဂ)
ဘ၀ထဲမှာ
သက္ကာယတွေ ညာတယ်၊

ဘ၀ဟူသည် ဘကုန်းနဲ့ ၀လုံး ပေါင်းစပ်ထားသော နာမ်ဖြစ်သည်၊ သူသည် ဘ၀ပညာရှင်မဟုတ်။ ထို့ကြောင့် ဘ၀ အဓိပ္ပါယ်ကို ထိုမျှလောက်သာ သိ၏..။ မတတ်နိုင်..။ ဘ၀သံသရာဟူသော ဝေါဟာရကို ကြားဖူး၏..။ ဘဘဦးသုခအား သက္ကာယဒိဌိတွေ ညာ မညာ မသေချာ..။ သေချာသည်မှာ သူ့အား အနှီသက္ကာယများ ညာနေဆဲဖြစ်သည်..။  သူကိုယ်တိုင်က အညာခံချင်နေခြင်းလည်း ဖြစ်နိုင်သည်ပဲ..။ “ညာလို့ ၀ပြီ ”ဆိုသော စကား  တံခါးဝက ၀င်လာလျှင် ထဖွင့်မပေးပါနှင့်..။

 (နိဂုံး)
ညာတာချင်း အတူတူ
အရူးတွေ တစ်မူးသာတဲ့ခေတ်
လူစင်စစ်တို့ မျောက်ဖြစ်ရပြန်ပြီ။

ဘကြီးအောင် ညာတယ်..။ အိပ်မက်တွေ ညာတယ်..။ သက္ကာယတွေ ညာတယ်..။ ညာတာ တူသည်၊ ညာပုံ မတူ..။ အရူးတွေ စခန်းထနေသော ခေတ်တွင် တစ်ခါတစ်ရံ သူလည်း ရူးချင်ယောင် ဆောင်ရသည်..။ “အရူးစိတ်ချမ်းသာရင် တိုင်းပြည်တစ်ဝက် အေးချမ်းတယ်”ဟူသော စကား မှန် မမှန် သင်ကိုယ်တိုင် ရူးကြည့်ဖို့တော့ လိုပေမည်..။ “ညာတာပါတေး” ဆိုသော ခေတ်သစ်ဝေါဟာရအား ဓာတ်ခွဲစမ်းသပ်တုန်း ညာလုံးများ  ထပေါက်တော့သည်..။ “၀ုန်း..အုန်း..”....။

(မောနေယျ) 
31.12.2011

3 comments:

ခရစ္စတလ် said...

(တခါတလေ သိသိနဲ့ အညာခံနေရတာလည်း ပျော်စရာ)

ဝုန်း...အုန်း နယူးရီးယားမီးပန်းတွေ ဖောက်တော့ ညာချင်းလိမ် အာရုံလေးတောင် တိမ်တွေပေါ်ရောက်လို့ .........။

THS said...

(ခ) မှာ စ ညှိတယ် ..။

Lin said...

ဖတ်ပြီးမှ နားကို ပိတ်မိတယ် ... :)