Monday, December 19, 2011

မနက် အိပ်ယာကနေ လန်းလန်းဆန်းဆန်း နိုးထစေလောက်အောင် ဆွဲငင်ထားတဲ့ စွမ်းအားတစ်ခုဟာ ဘာပါလိမ့်။ အပူတွေ ကင်းစင်ဖို့ ခြေထောက်ကို ရေလောင်းရင်း ရိုးရှင်း၊ ဆန်းပြားစွာ ကိုယ့်ဘာသာ ပြုံးနေမိသည်..။(ရိုးရှင်းတယ်၊ ဆန်းပြားတယ်ဟူသော ဝေါဟာရသည် တကယ်တော့ ၀ိရောဓိဆန်စွာ ဦးတည်ချက်တူကြောင်း ပြောလိုရင်းဖြစ်သည်) သွားပွတ်တံကြီး ပါးစပ်ထဲ ထိုးသွင်းရင်း ကိုယ့်စိတ်ကို မဆီမဆိုင် ဆက်စပ်နှိုင်းယှဉ်နေမိတာက စာအုပ်ထဲက သမိုင်းအချို့နှင့်အတူ…။


သုမေဓာ ပါရမီပြည့်ဝစေဖို့ သုမိတ္တာလေး ဘ၀တစ်ခုလုံး သံသရာနှင့်ချီပြီး ပေးဆပ်စေခဲ့တာ ဘယ်အရာပါလိမ့်။ သမုဒယလော..? ပလေတိုးနစ်လော? ယသောဓရာဘ၀ကို စာနာနားလည်ဖို့ အနော်မာမြစ်ကမ်းနံဘေးက လေပြေတစ်ချို့နဲ့ စကားလက်ဆုံ ကျခဲ့ဖူးတဲ့ညများစွာ…။ အလက်ဇန္ဒာဒူးမားရဲ့ သူရဲကောင်းသုံးယောက်ထဲက ဘက်ကင်ဟန်အမတ်ကြီး၏ အချစ်အတွက် ရင်းနှီးခဲ့ရသော ညများစွာ…။ပြီးတော့ တစ်စုံတစ်ယောက်ကြောင့် တစ်စုံတစ်ခုသော အတိုင်းအတာအထိ ဆင့်ကဲဖြစ်စဉ်များဖြင့် နွေးထွေးဖူးသော ညများစွာ…။ ထိုညများသည် မတူခြားနားခြင်းများစွာ သို့မဟုတ် တူညီခြင်းများစွာ ရှိနေမှာ သေချာပါသည်..။


ချစ်ခြင်း၊မုန်းခြင်းအစွန်းနှစ်ဖက်ကို အထိတ်တလန့်ဖြစ်နေကျ သူ့အတွက် တစ်ခါတစ်ရံသော ညတွေမှာတော့ တစ္ဆေအခြောက်ခံချင်ကြောင်း ရိုးသားစွာ ၀န်ခံရပေမည်..။အမှောင်တွေ ၀န်းရံနေကျ ပုထုဇဉ်တွေရဲ့ ညတွေဟာ မမြင်ဖူးတဲ့ တစ္ဆေကြောင့် ပိုပြီး “ည”ပီသသွားတတ်ပါသလား..။ရဟန်းတစ်ပါးရဲ့ ညဆိုသည်မှာ အဓိပ္ပါယ်ဖွင့်စရာ မလိုအောင်ကို ရိုးစင်းလွန်းပါသည်..။အမှောင်မှာ အရောင်နဲ့ အရသာ ရှိတယ်ဆိုရင် သူလည်း ထမင်းတစ်ဝိုင်းထဲမှာ လက်ဆုံကျချင်ပါသေးရဲ့..။


သားချစ်တို့…သမုဒယကို စနစ်တကျ အဖော်လုပ်တတ်သူအဖို့ ၀ိမုတ္တိမုခ်ဦးဆီရောက်ဖို့ ငါဘုရားအာမခံတယ်တဲ့ ကျမ်းဂန်မှာ မှတ်သားဖူးတာ…။ သြော်..ဒါ့ကြောင့်များ ဘဒ္ဒကဉ္စနာဟာ ငြိမ်းချမ်းသွားတာများလားလို့ မမှီမကမ်း အရိယာကြီးတွေရဲ့ လမ်းကို မှန်းမျှော်ရင်း ပါရမီဖြည့်ဖက်ဆိုတာကို မျက်စိဖွင့် ယုံလိုက်မိတာ။ အင်း..ပါရမီဆိုတာက မြင့်မြတ်သူတို့၏ အလုပ်မဟုတ်လား။ သူကဖြင့် ခပ်ညံ့ညံ့များနှင့် ယဉ်ပါးသူ၊ မဆီရယ်မှ မဆိုင်…။ တကယ်တော့လည်း သူဟာ သူပဲ..။ သုမိတ္တာဟာ သုမိတ္တာပဲလေ…။


ခြေဖျားတွေ ထုံကျင်အေးစက်လာတော့မှ ကိုယ့်ကိုယ်ကို သတိပြုမိတယ်..။သွားပွတ်တံကြီး ပါးစောင်မှာ ခဲရင်း ဆွဲငင်ခြင်းနိယာမကို တစ်မျိုးတစ်ဘာသာ ဖွင့်ဆိုနေလိုက်တာများ ဖဘုရားရှင်သာ သိတော်မူခဲ့ရင် ကရုဏာဒေါသောနဲ့ ထိပ်ခေါက်တော်မူလေမလား…။ မနက်အိပ်ယာကအထ မပျက်မကွက်ဝတ္တရားတစ်ခု တိုးလာကြောင်း  မနက်ခင်းလေးကို တီးတီးတိုးတိုးပဲ ပုတ်နှိုးနှုတ်ဆက်လိုက်တယ်။ “အမှန်ဆို..၊ပါရမီဆိုတာရဲ့ နောက်မှာ နာမ်စားတစ်ခုခု ဖြည့်စွက် ဖတ်ကြည့်လိုက်ဖို့ပါပဲလေ” ။

(မောနေယျ)

2 comments:

ခရစ္စတလ် said...

မယ်ယသော ရဲ့ဘဝကို စာနာနားလည်ဖို့ တချို့က မေ့လျော့နေကြလေရဲ့။

သူမရဲ့ ပေးဆပ်မှုတွေကို အခါခါ သာဓုမိပါတယ် :)

Lin said...

ရှင်မားရု က ရှင်မားရု ပါ :)